ရန်ကုန်၊ ဒီဇင်ဘာ ၆
တအာင်း လွတ်မြောက်ရေး တပ်မတော် TNLA/PSLF ထောင်ထားသော မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် ဒီဇင်ဘာလ ၅ ရက်နေ့အတွင်း ကျောက်မဲခရိုင် အာရာမ် ကျေးရွာနေ အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း တအာင်း အမျိုးသမီး အဖွဲ့အစည်း မှတ်တမ်းနှင့် သုတေသနဌာန တာဝန်ခံ ဒေါ်တီတာင်းအီဌေးက ပြောကြားသည်။
အဆိုပါ မိုင်းထိမှန်သူများမှာ ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲခရိုင် အာရာမ်ကျေးရွာ နေဒေါ်မာသန်းအေး (အီမံန်) အသက် ၅၃ နှစ်၊ ဒေါ်မာအီစေး (အီဘွန်း) အသက် ၄၅ နှစ်နှင့် ကိုကြာကြီး အသက် ၂၀ နှစ်တို့ ဖြစ်ကြောင်း၊ ၎င်းတို့သည် ပေါင်ကျရော့ လက်ဖက်စက်ရုံအနီး နေရာများတွင် TNLA ထောင်ထားခဲ့သော မိုင်းထိမှန်ပြီး နေရာတွင် ပွဲချင်းပြီး သေဆုံး သွားကြောင်း ဒေါ်တီတာင်းအီဌေးက ဆိုသည်။
“မိုင်းထိတာနဲ့ တအာင်းစစ်တပ်က သွားကြည့်တော့ အားလုံး အသက်မရှိတော့ဘူး” ဟု ၎င်းကဆိုသည်။
အဆိုပါ မိုင်းထိ သေဆုံးသူများမှာ တောအတွင်းသို့ ဟင်းသီးဟင်းရွက်ခူးရန် သွားနေကျ ဖြစ်ပြီး အဆိုပါ နေရာအတွင်း မိုင်းထောင်လေ့ မရှိသော်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေမှု များကြောင့် အစိုးရ စစ်ကြောင်းများကို အဟန့်အတား ဖြစ်စေရန် ရည်ရွယ်ကြောင်း TNLA ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“ကျွန်တော်တို့က စစ်ဖြစ်နေတဲ့အချိန် ပြည်သူတွေကို တောထဲမဝင်ဖို့ကို ရွာလူကြီးတွေကိုလည်း ပြောထားတာပဲ” ဟု ၎င်းကဆိုသည်။
အဆိုပါ သေဆုံးသူများ၏ နာရေးအတွက် ကျန်ရစ်သူ မိသားစုများကို TNLA က ငွေကျပ်နှစ်သိန်းစီ ထောက်ပံ့ ပေးထားကြောင်း တအာင်း အမျိုးသမီး အဖွဲ့ထံမှ သိရသည်။
မြန်မာနိုင်ငံအတွင်း ပြည်တွင်းစစ်ကြောင့် ၁၉၉၃ ခုနှစ် မှ ၂၀၁၃ ခုနှစ်အတွင်း မိုင်းထိမှန် သေဆုံးသူ ၃၉၁ ဦးနှင့် ထိခိုက် ဒဏ်ရာရရှိသူ သုံးထောင်ကျော် ရှိကြောင်း မြေမြှုပ်မိုင်းနှင့် ထပ်ဆင့် ပေါက်ကွဲစေသော လက်နက်ပစ္စည်းများ စောင့်ကြည့် လေ့လာရေးအဖွဲ့ TNLA ကထုတ်ပြန်ထားသည်။
အဆိုပါ သေဆုံးမှုများကြောင့် မြေမြှုပ်မိုင်းများကို ရှင်းလင်းရေး လုပ်ငန်းများ လုပ်ဆောင်ရန်အတွက် အစိုးရက ပြည်တွင်းစစ် ဖြစ်ပွားနေသော ဒေသ များတွင် မြေမြှုပ်မိုင်း ရှင်းလင်းရေး စင်တာများ ထူထောင်ရန် စီစဉ်နေပြီ ဖြစ်ကြောင်း မြန်မာ ငြိမ်းချမ်းရေးစင်တာ လက်ထောက် အမှုဆောင် ညွှန်ကြားရေးမှူးဟောင်း ဦးနေမျိုးနိုင်က နိုဝင်ဘာလ နောက်ဆုံးပတ် အတွင်း ပြောကြားသည်။
အစိုးရနှင့် TNLA သည် ၂၀၁၂ ခုနှစ်မှစတင်ကာ အလွတ်သဘော သုံးကြိမ် တွေ့ဆုံထားသော်လည်း အပစ်အခတ် ရပ်စဲရေးအတွက် သဘောတူညီမှု ရရှိထားခြင်း မရှိပေ။
၂၀၁၁ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း နှစ်ဖက်တပ်များ ထိတွေ့မှု များကြောင့် တိုက်ပွဲပေါင်း ၁၆၀ ကျော် ဖြစ်ပွားခဲ့ကြောင်း TNLA ပြန်ကြားရေးဌာန ထုတ်ပြန်ချက်များအရ သိရသည်။
အေးချမ်းမွန် Credit To >The Voice Weekly < Thankhttps://www.facebook.com/
Post a Comment