ရန်ကုန်၊ ဒီဇင်ဘာ ၁၂
ကချင်ပြည်နယ် မန်စီမြို့နယ်တွင် နေထိုင်သော ရှမ်းနီလူမျိုး၆၀ ကျော်ကို KIA တပ်ဖွဲ့က ဖမ်းဆီးထားခြင်း မရှိကြောင်း မြစ်ကြီးနားမြို့ရှိ ကေအိုင်အို ငြိမ်းချမ်းရေး နည်းပညာ အထောက်အကူပြု အဖွဲ့မှ ဦးဒေါင်ခါးက ပြောကြားသည်။
မန်စီမြို့နယ်တွင် နေထိုင်သော ရှမ်းနီ လူမျိုး ၆၀ ကျော်နှင့် ကချင်လူမျိုး ၁၀ ဦး တို့ကို KIA အဖွဲ့မှ စစ်သားအဖြစ် စုဆောင်းရန် ဖမ်းဆီးသွားကြောင်း ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် တိုင်းလိုင် (ရှမ်းနီ) တိုင်းရင်းသားများ တိုးတက်ရေးပါတီက ထုတ်ပြန်ခဲ့သော ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ၎င်းက ယင်းသို့ ပြန်လည် ရှင်းလင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။
“ဒီကိစ္စ သတင်းဌာနတစ်ခုရဲ့ အင်တာနက် စာမျက်နှာမှာ ဖတ်လိုက်ရပါတယ်။ ဒါနဲ့ ဌာနချုပ်ကို မေးကြည့်တော့ မဟုတ်ဘူးလို့ ပြောပါတယ်” ဟု ဦးဒေါင်ခါးက The Voice သို့ ပြောသည်။
သို့သော် တိုင်းလိုင် (ရှမ်းနီ) တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးဌေးအောင်ကမူ မန်စီမြို့နယ်တွင် နေထိုင်သော ရှမ်းနီ လူမျိုး ၆၀ ကျော်နှင့် ကချင်လူမျိုး ၁၀ ဦးတို့ကို KIA မှ အမှန်တကယ် ဖမ်းဆီးသွားကြောင်း အတည်ပြု ပြောကြားသည်။
“သူတို့ကတော့ အမြဲတမ်း ငြင်းနေတာပဲ။ ဒီဇင်ဘာလ ၁၁ ရက်နေ့က ကချင်ပြည်နယ် ရှမ်းမျိုးနွယ်စုများ ရေးရာအဖွဲ့က KIA ကို ပြောပြတော့ သုံးရက်အတွင်း အကြောင်း ပြန်ပေးမယ်လို့ ပြောထားတယ်” ဟု ၎င်းကဆိုသည်။
အဆိုပါ ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းထံ ဒီဇင်ဘာလ ၁၁ ရက်နေ့က စာပို့ အကြောင်းကြား ထားကြောင်း ဦးဌေးအောင်က ထပ်လောင်း ပြောကြားသည်။
KIA မှ ရှမ်းနီ လူမျိုးများကို ၂၀၁၃ ခုနှစ်အတွင်း ဇူလိုင်၊ အောက်တိုဘာ တို့တွင် စစ်သားအဖြစ် စုဆောင်းရန် ဖမ်းဆီးမှုများ ပြုလုပ် ခဲ့သော်လည်း ပြန်လွှတ်ပေးခဲ့သည်။
Aye Chan Mon# မေတ္တာဖြင့် ပြန်လည်မျှဝေပါသည်
Credit To :The Voice Weekly
https://www.facebook.com/
Post a Comment