0


ရန်ကုန်၊ ဒီဇင်ဘာ ၁၂

တပ်မတော် အင်ဂျင်နီယာ တပ်ရင်းက သိမ်းယူထားသော သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် ရပ်ကွက် ဝေဇယန္တာ လမ်းပေါ်ရှိ အပိုင်း (၁၊၂၊၃) မြေကွက်များအရေး အစိုးရက ဖြေရှင်းပေးရန် အတွက် နှစ်ပတ်ကြာ သပိတ်စခန်းဖွင့် ဆန္ဒထုတ်ဖော်လျက် ရှိသော မိကျောင်းကန် သပိတ်စခန်းကို ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ရုပ်သိမ်းလိုက်ပြီ ဖြစ်ကြောင်း ဆန္ဒ ထုတ်ဖော်သူများက ပြောကြားသည်။

ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စု လွှတ်တော်၊ လယ်ယာမြေနှင့် အခြားမြေများ စုံစမ်းစိစစ်ရေး ကော်မတီဝင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်း လာရောက်၍ ယင်းမြေကွက်များအရေး အစိုးရနှင့် ပြည်ထောင်စု လွှတ်တော်အကြား အမြန်ဆုံး ညှိနှိုင်း ဆောင်ရွက်ပေးမည်ဟု ကတိ ပြုခဲ့သောကြောင့် ရုပ်သိမ်းလိုက်ခြင်း ဖြစ်ကြောင်း သပိတ်စခန်း ခေါင်းဆောင် ဦးစိန်သန်းက ပြောကြားသည်။
“ဒီမြေတွေကို သိမ်းတာဟာ ၁၉၈၄ ခုနှစ် မြေသိမ်းဥပဒေနဲ့ မညီဘူး ဆိုတာကို သူတို့ ကော်မတီ အနေနဲ့ ထောက်ခံတယ်။ အစိုးရနဲ့ အမြန်ဆုံး ညှိနှိုင်းပေးမယ်လို့ ဦးအောင်သိန်းလင်းက လက်မှတ်ထိုးပြီး အာမခံသွားတယ်” ဟု ဦးစိန်သန်းက ဆိုသည်။

သို့သော် သပိတ်စခန်း ပိတ်သိမ်းခြင်းမှာ ယာယီသာ ဖြစ်ပြီး အစိုးရနှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တို့၏ ညှိနှိုင်း ဆောင်ရွက်မှုကို အချိန်သုံးလကြာ စောင့်ကြည့် မည် ဖြစ်ကြောင်း၊ ကျေနပ်မှု မရှိပါက ထပ်မံဆန္ဒ ထုတ်ဖော်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

အဆိုပါ မြေကွက်များကို ပြန်လည် ပေးအပ်ရန် ဆိုသည်မှာ နောက်ခံ သမိုင်းကြောင်းအရ ရှုပ်ထွေးမှုများ ရှိနေသဖြင့် အချိန်ယူ ဖြေရှင်း ရမည့် ပြဿနာ ဖြစ်ကြောင်း၊ ယင်းမြေကွက်များတွင် နေထိုင်ခဲ့သူ များကို ဖဆပလခေတ်မှ တပ်မတော် အစိုးရလက်ထက်အထိ ခေတ်အဆက်ဆက် အသိအမှတ် ပြုခဲ့ခြင်း မရှိကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် ကဆိုသည်။
“ပြန်ပေးဖို့ ဆိုတာလည်း တော်တော် ခက်ပါတယ်။ ဒါတွေ ပြန်ပေးရင်လည်း တခြားအိမ်ရာ စီမံကိန်းတွေကို ဘယ်လိုလုပ်မလဲ။ သူတို့အတွက် ကံကောင်းတာက အခုထိ ဒီမြေပေါ်မှာ ဘာစီမံကိန်းမှ လုပ်ဆောင်ခြင်း မရှိသေးတာပဲ” ဟု ၎င်းကဆိုသည်။

ပြည်ထောင်စုလွှတ်တော် လယ်ယာမြေနှင့် အခြားမြေများ စုံစမ်းစိစစ်ရေး ကော်မတီက အဆိုပါ ကိစ္စကို လွှတ်တော်တွင် မေးခွန်း မေးမြန်းထားပြီး ဖြစ်သည့်အပြင် ယင်းမြေကွက်များသည် ယခုလက်ရှိတွင် တပ်မတော်က ပိုင်ဆိုင်ခြင်းကြောင့် ရန်ကုန်တိုင်း အစိုးရတွင် ဆုံးဖြတ်ပေးပိုင်ခွင့် မရှိကြောင်းနှင့် ဆန္ဒထုတ်ဖော်သူများ အနေဖြင့် လွှတ်တော်၏ ဆုံးဖြတ်ချက်ကိုသာ စောင့်ဆိုင်း သင့်ကြောင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက သင်္ဃန်းကျွန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ရုံးခန်းတွင် ပြောဆိုထားသည်။

မိကျောင်းကန် မြေကွက်များအရေး ရန်ကုန်တိုင်းဒေသကြီး အစိုးရ (သို့မဟုတ်) သက်ဆိုင်ရာ တာဝန်ရှိသူ တစ်ဦးဦးက ဖြေရှင်းပေးရန် နိုဝင်ဘာလ ၂၆ ရက်နေ့က လူ ၃၀၀ ခန့်က စီတန်းလှည့်လည် ဆန္ဒ ထုတ်ဖော်ခဲ့ပြီး မြေကွက်များပေါ်ရှိ အဆောက်အအုံများ ဖယ်ရှားပေးရေး၊ မိကျောင်းကန် ပြည်သူများကို ပုဒ်မ ၁၈ ဖြင့် တရားစွဲခံရမှု ရုပ်သိမ်းပေးရေး စသည့် ကြွေးကြော်သံ များဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ယင်းသို့ ဆန္ဒထုတ်ဖော်မှုကြောင့် ဆန္ဒပြ ခေါင်းဆောင် နှစ်ဦးကို ဖမ်းဆီးပြီး ယခင် စွဲဆိုထားသည့် ပုဒ်မ ၁၈ ဖြင့် သင်္ဃန်းကျွန်း မြို့နယ် တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ်သုံးလ ချမှတ်ခဲ့သည့်အတွက် သပိတ်စခန်းဖွင့် ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။

Aye Chan Mon# မေတ္တာဖြင့် ပြန်လည်မျှဝေပါသည်

Credit To :The Voice Weekly
https://www.facebook.com/excellencemedia
1

Post a Comment

 
Top