0


ရန်ကုန်၊ ဒီဇင်ဘာ ၉

ရန်ကုန် မြို့လယ်ကောင်နှင့် ၃၅ ကီလိုမီတာခန့်သာ ဝေးသည့် သီလဝါ အထူးစီးပွားရေးဇုန်ရှိ အခြေခံ အဆောက်အဦ ဖွံ့ဖြိုးရေးတွင် မြန်မာ-ဂျပန် ထိပ်တန်း ကုမ္ပဏီများက အမေရိကန်ဒေါ်လာ သန်း ၁၇၀ ဝန်းကျင် ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်း အဆိုပါ လုပ်ငန်းနှင့် ဆက်စပ်သည့် စီးပွားရေး လုပ်ငန်းရှင် အသိုင်းအဝန်းထံမှ သိရသည်။

၂၀၁၅ တွင် စတင်လည်ပတ်နိုင်ရန် လုပ်ဆောင်နေသည့် သီလဝါ အထူးစီးပွားရေးဇုန်ရှိ အခြေခံ အဆောက်အဦပိုင်း ဖွံ့ဖြိုးရေးအတွက် ဂျပန်ထိပ်တန်း ကမ္ဘာကျော် ကုမ္ပဏီကြီးများ ဖြစ်သည့် မာရူဘီနီ၊ မစ်ဆူဘီရှီ၊ ဆူမီတိုမိုတို့နှင့်အတူ ဂျပန်အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) နှင့် မြန်မာနိုင်ငံမှ အများပိုင် ကုမ္ပဏီ ကိုးခုတို့ ပူးပေါင်း လုပ်ဆောင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ စက်မှုလက်မှု ကုန်သည်ကြီးများ အသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောကြားသည်။

အဆိုပါ လုပ်ငန်းများ လုပ်ဆောင်ရာတွင် မြန်မာနှင့် ဂျပန်တို့အနေနှင့် ရင်းနှီးမြှုပ်နှံသူ (Investor) အဖြစ် လုပ်ဆောင်မည် မဟုတ်ဘဲ ဦးစီးတည်ထောင်သူ (Developer) အဖြစ်သာ လုပ်ဆောင်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
“မြန်မာဘက်က ကုမ္ပဏီတွေ အကုန်လုံး အများပိုင် ကုမ္ပဏီတွေပါ။ ပြည်သူတွေ ပါဝင်နိုင်အောင်လည်း နောက်ပိုင်းမှာ အစုရှယ်ယာတွေကို ရောင်းချ ပေးသွားမှာပါ” ဟု ၎င်းက ပြောကြားသည်။

အဆိုပါ အခြေခံ အဆောက်အဦ ဖွံ့ဖြိုးရေး စီမံကိန်းတွင် လမ်းများ၊ ရေဆိုး စွန့်စနစ်များ၊ ရေနှင့် ပတ်သက်သော လုပ်ငန်းများနှင့် လျှပ်စစ်ဓာတ်အား ဖြန့်ဝေပေးရေး ကွန်ရက်များ ပါဝင်သည်ဟု သီလဝါ အထူးစီးပွားရေးဇုန်နှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင် အချို့က ဆိုသည်။

မြန်မာဘက်မှ ကုမ္ပဏီကိုးခုတွင် မြန်မာ့လယ်ယာစီးပွား အများပိုင်ကုမ္ပဏီ၊ အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီ လီမိတက်၊ အရှေ့အာရှ ဖွံ့ဖြိုး တိုးတက်ရေး ကုမ္ပဏီ လီမိတက်နှင့် FMI အများပိုင် ကုမ္ပဏီ လီမိတက်တို့ ပါဝင်သည်ဟု အဆိုပါ လုပ်ငန်းရှင်များထံမှ သိရသည်။

မြန်မာ့ စီးပွားရေးတွင် ရင်းနှီးမြှုပ်နှံရန်အတွက် သတိကြီးစွာ ရှိနေသော ဂျပန်နိုင်ငံသည် ပြီးခဲ့သည့် နိုဝင်ဘာ ၁၉ ရက်နေ့တွင် ဂျပန်နိုင်ငံ၏ ထိပ်တန်း စီးပွားရေး အဖွဲ့အစည်းဖြစ်သည့် (KEIDANREN Federation) သည် မြန်မာနိုင်ငံသို့ ရောက်ရှိ ပြီးနောက် ယင်းအစီအစဉ် ပေါ်ထွက်လာခြင်း ဖြစ်သည်။
#Aye #Chan #Mon မှ ပြန်လည်မျဝေပါသည်

Credit To:The Voice Weekly
5

Post a Comment

 
Top