ရန်ကုန်၊ ဒီဇင်ဘာ ၉
ရန်ကုန်မြို့တော် သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် ရပ်ကွက် ဝေဇယန္တာ လမ်းပေါ်တွင် ဖွင့်လှစ်ထားသည့် သပိတ်စခန်းကို ဒီဇင်ဘာလ ၉ ရက်နေ့ ညနေ ၆ နာရီ နောက်ဆုံးထားပြီး ရုပ်သိမ်းပေးရန် သင်္ဃန်းကျွန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးက ထုတ်ပြန် ကြေညာထားသော် လည်း သပိတ်စခန်းကို ညပိုင်းအထိ ဆက်လက် ဖွင့်လှစ်ထားဆဲ ဖြစ်သည်။
ဆန္ဒဖော်ထုတ်မှုသည် ရက်ရှည် ကြာလာသည့်အတွက် အနီးပတ်ဝန်းကျင်ရှိ အများပြည်သူကို စိတ်အနှောင့်အယှက် ဖြစ်စေပြီး ဥပဒေနှင့် မညီညွတ်သည့် လူစုလူဝေး ဖြစ်သဖြင့် လိုက်နာခြင်း မရှိပါက အရေးယူမည် ဖြစ်ကြောင်း မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးက ကြေညာထားသည်။
တပ်မတော်က ၁၉၉၂ ခုနှစ်က သိမ်းယူထားသည့် မိကျောင်းကန် အပိုင်း (၁၊ ၂၊ ၃) မြေကွက်များ ပြန်လည် ရရှိရေး ဆန္ဒထုတ်ဖော်နေခြင်းနှင့် ပတ်သက်၍ ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက် ၈ နာရီတွင် ပြည်ထောင်စုလွှတ်တော် လယ်ယာမြေနှင့် အခြားမြေများ စုံစမ်း စိစစ်ရေး ကော်မတီ အဖွဲ့ဝင် တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းက သပိတ်စခန်းသို့ လာရောက် တွေ့ဆုံ ဆွေးနွေးမည် ဖြစ်ပြီး ရလဒ် အခြေအနေကို မူတည်၍ သပိတ်စခန်း ရုပ်သိမ်းရေး အစီအစဉ်ကို စဉ်းစားမည် ဖြစ်ကြောင်း သပိတ်ခေါင်းဆောင်များက ထုတ်ပြန် ကြေညာသည်။
ဒီဇင်ဘာလ ၉ ရက်နေ့ ညပိုင်းတွင် သပိတ်စခန်းကို သက်ဆိုင်ရာမှ ဖြိုခွင်းမည်ဟု သတင်းများ ပေါ်ထွက်နေပြီး နှစ်ဖက် ထိခိုက်ဒဏ်ရာရမှုများ မဖြစ်ပွားစေရန် သပိတ်စခန်းသို့ လာရောက် စောင့်ဆိုင်းနေကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောကြားသည်။
“အင်အားသုံးပြီး ဖြေရှင်းတာက ဒီပြဿနာရဲ့ အဖြေ မဟုတ်ဘူးလေ။ သူတို့ စာထုတ်ထားတာက ဖယ်မပေးရင် တစ်စုံတစ်ရာ အရေးယူ ဆောင်ရွက်မယ်ဆိုတဲ့ သဘော။ ဒါကြောင့် လွန်လွန်ကျွံကျွံ မဖြစ်အောင် တားဖို့ပါ” ဟု ၎င်းကဆိုသည်။
မိကျောင်းကန် အပိုင်း (၁၊ ၂၊ ၃) မြေကွက်များနှင့် ပတ်သက်ပြီး သပိတ်ခေါင်းဆောင်များ၊ အလုပ်သမား အငြင်းပွားမှု ပြဿနာ ကြားဝင် ဖျန်ဖြေရေး ခုံသမာဓိကောင်စီမှ အလုပ်သမား ကိုယ်စားလှယ်များနှင့် ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးတို့ တိုင်းဒေသကြီး လွှတ်တော်တွင် ဒီဇင်ဘာလ ၉ ရက်နေ့ ညနေပိုင်းက တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း အလုပ်သမား ကိုယ်စားလှယ် ဦးရဲနိုင်ဝင်းက ပြောကြားသည်။
“ဒီကိစ္စနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရရဲ့ လုပ်ပိုင်ခွင့်ထဲမှာ မရှိတဲ့အတွက် ပြည်ထောင်စုအစိုးရက ဆက်လက် လုပ်ဆောင်သွားမယ်လို့ ဝန်ကြီးက ပြောတယ်။ ပြီးတော့ တောင်းဆိုထားတဲ့ အချက်တွေကို မရရှိဘူး ဆိုရင်လည်း ဥပဒေ ဘောင်ထဲကနေ ဆန္ဒပြဖို့ ပြောတယ်” ဟု ၎င်းကဆိုသည်။
အဆိုပါ သပိတ်စခန်းကို သက်ဆိုင်ရာ အာဏာပိုင်များက အကြမ်းဖက် ဖြိုခွင်းမည်၊ မဖြိုခွင်းမည်နှင့် ပတ်သက်၍ မည်သူမျှ အာမခံချက် မပေးနိုင်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
“ကျွန်တော်တို့ ဘက်ကတော့ အဖြေတစ်ခု ရသည်အထိ ဆက်လက် ဖွင့်လှစ်သွားမှာပါ။ အကြမ်းဖက် ဖြိုခွင်းမယ်၊ မဖြိုခွင်းဘူး ဆိုတာက အစိုးရရဲ့ ပြည်သူအပေါ်မှာ ထားတဲ့ သဘောထား အပေါ်မှာ မူတည်ပါတယ်” ဟု ဦးရဲနိုင်ဝင်းက ဆိုသည်။
မိကျောင်းကန်အရေး ဦးဆောင် လှုပ်ရှားမှုကြောင့် ပုဒ်မ ၁၈ ဖြင့် ဖမ်းဆီး ထောင်ချ ခံထားရသူများကို ပြန်လွှတ်ပေးရန်၊ ယင်းမြေပေါ်ရှိ အဆောက်အအုံများ ဖယ်ရှားပေးရန်၊ ၎င်းတို့ သပိတ်စခန်းချရာ မြစာရံအေးစေတီ ဘုရားကို ၂၄ နာရီ ဖူးမြော်ခွင့်ပေးရန်၊ သိမ်းယူထားသည့် မြေကွက်များနှင့် ပတ်သက်၍ အစိုးရ တာဝန်ရှိသူများ အနေနှင့် ဖြေရှင်းပေးရန် အပါအဝင် အချက်ခုနစ်ချက် တောင်းဆိုထားပြီး မရရှိပါက အဆိုပါ နေရာတွင်ပင် အသက်အသေခံ သပိတ်ဆင်နွှဲသွားမည် ဖြစ်ကြောင်း မြေကွက် သိမ်းဆည်းခံ မိကျောင်းကန် ပြည်သူများက ပြီးခဲ့သည့် နှစ်ပတ် ကတည်းက ထုတ်ပြန် ကြေညာထားသည်။
#Aye #Chan #Mon #မှ ပြန်လည်မျဝေပါသည်
Credit To:The Voice Weekly
Post a Comment