0


ရန်ကုန်၊ ဒီဇင်ဘာ ၅

ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူများ ပါဝင်သော ပညာရေး မြှင့်တင်မှု အကောင်အထည် ဖော်ရေး ကော်မတီ၏ သင်ရိုးညွှန်းတမ်း ရေးဆွဲရေး လုပ်ငန်းအဖွဲ့က ရေးဆွဲထားသော သင်ရိုးညွှန်းတမ်း မျှော်မှန်းချက် (Vision) နှင့် မူဝါဒ မူကြမ်းတို့ကို NLD ပညာရေးကော်မတီ အပါအဝင် ပြင်ပ ပညာရှင်အချို့ထံ ပထမဆုံးအကြိမ် ဖြန့်ဝေပြီး အကြံဉာဏ် တောင်းခံ ခဲ့ကြောင်း အဆိုပါ လုပ်ငန်း အဖွဲ့ဝင်တစ်ဦးက The Voice သို့ ပြောကြားသည်။

သင်ရိုးညွှန်းတမ်း လုပ်ငန်းအဖွဲ့က မူကြမ်း ရေးဆွဲထားသော သင်ရိုးညွှန်းတမ်း မူဝါဒ ခြောက်ချက်နှင့် မျှော်မှန်းချက်တို့ကို နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF)၊ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO)၊ ပညာတန်ဆောင် ပညာရေး ဖောင်ဒေးရှင်း၊ ဗြိတိသျှ ကောင်စီနှင့် NLD ပညာရေး ကော်မတီဝင် ဒေါက်တာသိန်းလွင်တို့ထံ ပေးပို့ခဲ့ကြောင်း ယင်းလုပ်ငန်း အဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

အကြောင်းပြန်စာများကို နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ပြန်လည် ရရှိခဲ့ပြီးလာမည့် ဒီဇင်ဘာလ ၈ ရက်နေ့မှ ၁၀ ရက်နေ့ထိ ပြုလုပ်မည့် ပညာရေး မြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီ အစည်းအဝေးတွင် တင်ပြသွားမည် ဖြစ်ကြောင်း ယင်းလုပ်ငန်းအဖွဲ့ဝင် တစ်ဦးက ထပ်လောင်း ပြောကြားသည်။
“မီဒီယာကိုတော့ ဆွဲထားပြီးတဲ့ အချက်တွေ အတည်မပြုနိုင်သေးလို့ အသေးစိတ် မပြောနိုင်သေးဘူး” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ယင်းသို့ အကြံဉာဏ် တောင်းခံမှုများကို တက္ကသိုလ်များဆရာ၊ ဆရာမအသင်းထံ တောင်းခံမှုများ မရှိသေးကြောင်း၊ ပညာရေးဝန်ကြီးဌာန၏ ဆောင်ရွက်မှုများကို ဆရာ၊ ဆရာမများထံ အသိပေးမှုနှင့် ဆရာ၊ ဆရာမများ၏ အသံများ ပြန်နားထောင်မှု အားနည်းကြောင်း အဆိုပါ အသင်းဝင် တက္ကသိုလ် ဆရာတစ်ဦးက ဆိုသည်။

ပညာရေး မြှင့်တင်မှု ကော်မတီတွင် လုပ်ငန်းအဖွဲ့ ၁၈ ဖွဲ့ရှိပြီး သင်ရိုးညွှန်းတမ်းအတွက် အခြေခံနှင့် အဆင့်မြင့်ပညာ ဟူ၍ နှစ်ပိုင်းခွဲ ဆောင်ရွက်လျက်ရှိသည်။

အေးချမ်းမွန် Credit To > The Voice Weekly < Thankhttps://www.facebook.com/excellencemedia

Post a Comment

 
Top