0

Created on Saturday, 07 December 2013 01:51 

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးမှာ အပြုသဘောဆောင်သည့် လက္ခဏာများ တွေ့ရသော်လည်း ထင်ထားသလောက် အခြေအနေထိမူ မဟုတ်သေးကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာ ၆ ရက်တွင် ရန်ကုန်မြို့၊ ချက်ထရီယမ် ဟိုတယ်၌ ပြုလုပ်သည့် အမျိုးသမီးဖိုရမ် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံ ပြင်ဆင်ရေးနှင့် ပတ်သက်၍ အခြေအနေ တိုးတက်မှု ရှိမရှိအပေါ် ဂျာနယ်လစ် တစ်ဦး၏ မေးမြန်းမှုကို ဖြေကြားရာတွင် ဒေါ်အောင်ဆန်းစုကြည်က ယင်းကဲ့သို့ ထည့်သွင်း ဖြေကြားသွားခြင်း ဖြစ်သည်။

''အပြုသဘောဆောင်တဲ့ လက္ခဏာတွေတော့ တွေ့လာရပါတယ်။ ဒါပေမယ့် ထင်ထားသလောက်တော့ မဟုတ်ပါဘူး။ အပြုသဘောဆောင်တဲ့ လက္ခဏာ ဆိုတာကတော့ အခြေခံဥပဒေကို မကြာမီအချိန်မှာ ပြင်မယ်လို့ ဆိုလိုတာ မဟုတ်ဘူး။ အနှေးနဲ့အမြန် ပြင်ကို ပြင်ရပါမယ် ဆိုတာပါပဲ'' ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ပြည်သူများကသာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ချင်သည် ဆိုပါက ပြင်ဆင်ရေးမှာ အမှန်တကယ် ဖြစ်လာနိုင်ကြောင်း၊ ပြည်သူများ၏ ဆန္ဒများ အနှေးနှင့်အမြန် အကောင်အထည် ပေါ်လာမည်ဖြစ်ပြီး ၎င်းကမူ မြန်လေကောင်းလေဟု ယူဆကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

အပြုသဘောဆောင်တဲ့ လက္ခဏာတွေတော့ တွေ့လာရပါတယ်။ ဒါပေမယ့် ထင်ထားသလောက်တော့ မဟုတ်ပါဘူး။ အပြုသဘောဆောင်တဲ့ လက္ခဏာ ဆိုတာကတော့ အခြေခံဥပဒေကို မကြာမီအချိန်မှာ ပြင်မယ်လို့ ဆိုလိုတာ မဟုတ်ဘူး။ အနှေးနဲ့အမြန် ပြင်ကို ပြင်ရပါမယ် ဆိုတာပါပဲ...



အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်သော လူထုဆန္ဒ သဘောထား ကောက်ယူသည့် စစ်တမ်းများအရ ပြည်သူများက အခြေခံဥပဒေ ပြင်ဆင်ရန် လိုလားသည်ကို တွေ့ရကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး သို့မဟုတ် အသစ်ရေးဆွဲရေး အပေါ် ပြည်သူ့ဆန္ဒ သဘောထားများ ကောက်ယူမှုကို လက်ရှိအချိန်ထိ လုပ်ဆောင်နေပြီး ကောက်ယူ ရရှိထားသည့် အချက်အလက်များ အရမူ ပြင်ဆင်ရေးအပေါ် ပိုမိုလိုလားကြကြောင်း သိရသည်။

အဆိုပါ သဘောထား ရယူမှုများကို ပြည်ထောင်စု လွှတ်တော်မှ ဖွဲ့စည်းထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီကို တင်သွားမည်ဖြစ်ပြီး အဆိုပါ ကော်မတီ အနေဖြင့် လေ့လာသုံးသပ် တွေ့ရှိချက် အစီရင်ခံစာကို ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၃၁ ရက် နောက်ဆုံးထား တင်ပြရမည် ဖြစ်သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို လွှတ်တော် လမ်းကြောင်းဖြင့်သာ ပြုလုပ်သွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားသည်။

အေးချမ်းမွန် Credit To >Eleven Media Group < Thankhttps://www.facebook.com/excellencemedia

Post a Comment

 
Top