Created on Saturday, 07 December 2013 02:09
ဆီးဂိမ်းစ်ပြိုင်ပွဲသို့ လာရောက်မည့် ပြည်တွင်းပြည်ပမှ မီဒီယာများ တည်းခိုနိုင်ရန် ဟိုတယ်ခြောက်လုံး အခန်းပေါင်း ၂၆၀ ခန်း စီစဉ်ထားရှိကြောင်း ဒီဇင်ဘာ ၆ ရက် မဏိရတနာ ကျောက်စိမ်းခန်းမ၌ ပြုလုပ်သည့် ပြန်ကြားရေး ၀န်ကြီးဌာန သတင်းထုတ်ပြန်ရေးအဖွဲ့ သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။
၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ သတင်းရယူရန် လာရောက်ကြသော ပြည်တွင်း၊ ပြည်ပ မီဒီယာ သမားများအတွက် ဟိုတယ်အခန်းများကို နေပြည်တော်ရှိ ဟိုတယ်များ ဖြစ်ကြသော မြင့်မိုရ်နန်းမိုတယ်၊ Hotel Apple၊ Famous Parami Hotel၊ နေပြည်တော်ဟိန်းဟိုတယ်၊ ဟိုတယ်ရွှေဂုံတိုင်နှင့် ပုလဲသီရိ ဟိုတယ်တို့တွင် စီစဉ်ထားရှိကြောင်း သိရသည်။
ပြန်ကြားရေး ၀န်ကြီးဌာန သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ညွှန်ကြားရေးမှူး ဦးဝင်းကြည်က ''မြန်မာနိုင်ငံမှာ ပြုလုပ်တဲ့ ဆီးဂိမ်းစ်ပြိုင်ပွဲကို လာရောက် သတင်းရယူကြမယ့် ပြည်တွင်းပြည်ပ မီဒီယာသမား အများအတွက် ဟိုတယ်ခြောက်လုံး သတ်မှတ်ထားပါတယ်။ သတ်မှတ်ထားတဲ့ ဟိုတယ် ခြောက်လုံးမှာ တည်းခိုကြမယ့် သတင်းသမားများ အတွက် အားကစား ၀န်ကြီးဌာနက ထုတ်ပေးထားတဲ့ ဆီးဂိမ်းစ်ဝင်ခွင့် ကတ်ပြားပြပြီး တည်းခိုနိုင်ပါတယ်'' ဟု ပြောကြားခဲ့သည်။
ဟိုတယ်ခြောက်လုံး၌ မီဒီယာသမားများ တည်းခိုနိုင်သော အခန်း ၂၆၀ ထားရှိပြီး မြင့်မိုရ်နန်း မိုတယ်အခန်း ၈၀၊ Hotel Apple အခန်း ၄၅၊ Famous Parami Hotel အခန်း ၄၅၊ နေပြည်တော် ဟိန်းဟိုတယ် အခန်း ၃၀၊ ဟိုတယ်ရွှေဂုံတိုင် အခန်း ၃၀ နှင့် ပုလဲသီရိဟိုတယ် အခန်း ၃၀ စီစဉ်ထားရှိကြောင်း သိရသည်။
ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှာ ဟိုတယ်အခန်းခကို တစ်ခန်းလျှင် အမေရိကန်ဒေါ်လာ ၅၅ ဒေါ်လာနှုန်းဖြင့် တည်းခိုသူထံမှ တိုက်ရိုက်ရယူရန်နှင့် ဟိုတယ်အခန်း တစ်ခန်းလျှင် ဧည့်သည်နှစ်ဦးနှုန်း ထားရှိနိုင်ရေး စီစဉ်ဆောင်ရွက် သွားမည်ဟု သိရသည်။ စည်ပင်ဧည့်ရိပ်သာတွင်လည်း အခန်းလွတ်ပေါ် မူတည်၍ မီဒီယာသမားများအား ဦးစားပေး ထားရှိနိုင်ရေး ညှိနှိုင်းဆောင်ရွက် ထားကြောင်း သိရသည်။
မဏိရတနာ ကျောက်စိမ်းခန်းမတွင် ပြုလုပ်သည့် ပြန်ကြားရေး ၀န်ကြီးဌာန သတင်းထုတ်ပြန်ရေးအဖွဲ့ သတင်းစာရှင်းလင်းပွဲအား တွေ့ရစဉ်
အေးချမ်းမွန် Credit To >Eleven Media Group < Thankhttps://www.facebook.com/excellencemedia

Post a Comment