0


ရန်ကုန်၊ ဒီဇင်ဘာ ၁

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ၏ သက်တမ်း၂ နှစ်ကျော် ကာလအတွင်း ရရှိထားသည့် နိုင်ငံရေး ဖြစ်ထွန်းမှုများ ပိုမို ခိုင်မာစေရန် ပါတီ၊ ပုဂ္ဂိုလ်၊ အဖွဲ့အစည်း အသီးသီး၏ နိုင်ငံရေး ရည်မှန်းချက်များမှာ လက်တွေ့ကျရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီဇင်ဘာလ ၁ ရက်နေ့က ထုတ်လွှင့်သည့် လစဉ် ရေဒီယို မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသည်။

အသွင်ကူးပြောင်းရေး ဖြစ်စဉ် ခိုင်ခိုင်မာမာ ဖြစ်ပေါ်စေရန် လက်တွေ့ကျသည့် နိုင်ငံရေး ရည်မှန်းချက်များကို ကြိုးပမ်း တည်ဆောက်ရမည် ဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်ခြင်းမှာ မျိုးဆက်သစ်အတွက် အာမခံချက် ခိုင်မာသည့် နိုင်ငံရေး အနာဂတ်ကို အုတ်မြစ်ချနေခြင်း ဖြစ်သည်ဟု ရှုမြင်ရမည် ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်က ရှင်းပြသည်။
“ယခုအချိန်မှာလည်း လွတ်လပ်ရေး ရယူစဉ် ကာလကလို အမျိုးသား စည်းလုံးညီညွတ်မှု အားတစ်ခု တည်ဆောက်ပြီး မိမိတို့ မြင်တွေ့လိုတဲ့ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလွတ်လပ်တဲ့ လူ့အဖွဲ့အစည်း တစ်ရပ်ဖြစ်အောင် ကြိုးစားဆောင်ရွက်ရမှာ ဖြစ်ပါတယ်” ဟု နိုင်ငံတော်သမ္မတက တိုက်တွန်းလိုက်သည်။

မြန်မာနိုင်ငံ၏ ဖြတ်သန်းလာသည့် သမိုင်းကြောင်း အဆက်ဆက်အရ လက်ရှိ အစိုးရနှင့် လွှတ်တော်တို့၏ ဆောင်ရွက်ချက်များမှာ လက်ခံနိုင်ဖွယ် ဖြစ်သော်လည်း လွှတ်တော်ပြင်ပ နိုင်ငံရေးပါတီ အချို့မှာ စိတ်ဆန္ဒ လောကြီးမှု များကြောင့် အခြေအနေမှန်နှင့် ကင်းကွာသည့် ပြစ်တင် ပြောဆိုမှုအချို့ မြင်တွေ့နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက သုံးသပ်သည်။
“မီဒီယာ အပါအဝင် လွှတ်တော် ကိုယ်စားလှယ်တွေ၊ အုပ်ချုပ်သူတွေကိုယ်၌က Capacity Building လိုနေတာ။ ရည်မှန်းချက်တွေ ပြောတဲ့အခါ ဖြစ်နိုင်တဲ့ အပေါ်က တာဝန်ယူပြီး ပြောရင် ပိုအပြုသဘော ဆောင်တာပေါ့” ဟု ၎င်းက ရှင်းပြသည်။

ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ နိုဝင်ဘာလ အစောပိုင်းက ကျင်းပသည့် လိုင်ဇာ ညီလာခံမှာ ငြိမ်းချမ်းရေး တည်ဆောက်မှု သမိုင်းမှတ်တိုင် ဖြစ်ပြီး ယင်းညီလာခံအပြီး မြစ်ကြီးနားမြို့တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အစိုးရတို့ ပထမဆုံး တွေ့ဆုံခြင်းမှာ အောင်မြင် ခဲ့ကြောင်း၊ ဒီဇင်ဘာလအတွင်း ထပ်မံကျင်းပရန် ရှိသည့် ဘားအံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ၌ အဆင့်ဆင့် ဆက်လက်ဆွေးနွေး သွားမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောဆိုသည်။

ကမ္ဘာက အံ့သြရသည့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများမှာ များစွာ စိတ်မအေးရသည့် အခြေအနေတွင် ရှိနေသေးပြီး နိုင်ငံထိပ်သီး ခေါင်းဆောင်များအကြား ပွတ်တိုက်မှုများ တွေ့ကြုံနေရမှုမှာ စိုးရိမ်ဖွယ် ဖြစ်ကြောင်း၊ ယင်းဖြစ်ရပ်များကို ပြည်သူ အပါအဝင် သက်ဆိုင်ရာ ပုဂ္ဂိုလ် အဖွဲ့အစည်း အသီးသီးက ဝိုင်းဝန်း ထိန်းသိမ်း ပေးစေလိုပြီး မီးလောင်ရာ လေပင့်သည့် လုပ်ရပ်များ မလုပ်စေလိုကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ စာရေးဆရာ ကျော်ဝင်းက ပြောကြားထားသည်။

အေးချမ်းမွန် Credit To >The Voice Weekly < Thankhttps://www.facebook.com/excellencemedia

Post a Comment

 
Top