ဂျပန်ကုမ္ပဏီနှင့် ပြည်သူ့ဆောက်လုပ်ရေးတို့ ဖက်စပ်ဆောင်ရွက်မည့် ဆောက်လုပ်ရေးသုံး ပစ္စည်းထုတ်စက်ရုံ ၂၀၁၄ ခုနှစ်အတွင်း ပြီးစီးရန် စီစဉ်
ဂျပန်ကုမ္ပဏီ တစ်ခုနှင့် ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းတို့ ဖက်စပ်ဆောင်ရွက်မည့် သံမဏိ၊ သံပေါင်များနှင့် ဆက်စပ်သံမဏိ အသုံးပြု ဆောက်လုပ်ရေး ပစ္စည်းများ ထုတ်လုပ်သည့် စက်ရုံကို ၂၀၁၄ ခုနှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း သိရသည်။
ဆောက်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုသော သံမဏိ၊ သံပေါင်များနှင့် ဆက်စပ် သံမဏိ အသုံးပြု ဆောက်လုပ်ရေး ပစ္စည်းများ ထုတ်လုပ်ခြင်းလုပ်ငန်းကို ဂျပန် JFE Engineering Corporation နှင့် မြန်မာနိုင်ငံ ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းတို့ ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်တွင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
သံမဏိ အသုံးပြု ဆောက်လုပ်ရေး ပစ္စည်းများ ထုတ်လုပ်သည့် စက်ရုံကို ၂၀၁၄ ခုနှစ် ဧပြီလတွင် ပြီးစီးရန် စီစဉ်ထားပြီး နှစ်စဉ်တန်ချိန် ၁၀၀၀၀ ထုတ်လုပ်နိုင်မည်ဟု JFE Engineering Corporation က ခန့်မှန်းထားကြောင်း သိရသည်။ ထို့ပြင် တံတားတည်ဆောက်ရာတွင် အသုံးပြုသည့် ပစ္စည်းများ၊ ဆိပ်ကမ်းတည်ဆောက်ရေး အသုံးပြုပစ္စည်းများ၊ စတီးနှင့် ဆက်စပ်ပစ္စည်းများကိုလည်း ထုတ်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ စက်ရုံအတွက် လုပ်သားအင်အား ၂၀၀ ကျော် အသုံးပြုသွားမည် ဖြစ်သည်။
အဆိုပါဖက်စပ် လုပ်ငန်းအတွက် ဂျပန် JFE Engineering Corporation က ရာခိုင်နှုန်း ၆၀ နှင့် ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းက ရာခိုင်နှုန်း ၄၀ ရင်းနှီးမြှုပ်နှံ သွားမည်ဟု သိရသည်။
ဆောက်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုသော သံမဏိ၊ သံပေါင်များနှင့် ဆက်စပ်သံမဏိ အသုံးပြုဆောက်လုပ်ရေး ပစ္စည်းများ ထုတ်လုပ်ခြင်း လုပ်ငန်းကို မြန်မာ-ဂျပန် ဖက်စပ် ဆောင်ရွက်ရန်အတွက် ၂၀၁၃ ခုနှစ် စက်တင်ဘာလအတွင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ခွင့်ပြုပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းကို ဖက်စပ်ဆောင်ရွက် နိုင်ရန်အတွက် ဂျပန် JFE Engineering Corporation နှင့် မြန်မာနိုင်ငံ ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းတို့ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ အတွင်းက သဘောတူညီခဲ့ခြင်း ဖြစ်သည်။
JFE Engineering Corporation သည် မြန်မာနိုင်ငံ ရုံးခွဲကို ၁၉၉၅ ခုနှစ်ကတည်းက ရန်ကုန်မြို့တွင် ဖွင့်လှစ်ခဲ့ပြီး ပြည်တွင်း ကုမ္ပဏီအချို့အား နည်းပညာ ပံ့ပိုးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Aye Chan Mon# မေတ္တာဖြင့် ပြန်လည်မျှဝေပါသည်
Credit To :Eleven Media Group
Post a Comment