Everybody thinks of changing the world but no one thinks of changing himself. ဟူသော ရုရှားနိုင်ငံသား ကမ္ဘာကျော် ဝတ္ထုရေးဆရာကြီး လီယိုတော်လ်စတွိုင်း ပြောသွားသည့် မှတ်သားလောက်စရာ အဆိုအမိန့်ကို ကြားဖူး ကြပေလိမ့်မည်။ “ကမ္ဘာကြီးကို သို့မဟုတ် မိမိပတ်ဝန်းကျင်ကို ပြုပြင် ပြောင်းလဲရန် လူတိုင်း တွေးနေကြသော်လည်း မိမိကိုယ်ကိုယ် ပြောင်းလဲရန်မူ မည်သူမျှမစဉ်းစားကြ” ဟု မြန်မာလို ဆီလျော်အောင် ပြန်ဆိုနိုင်ဖွယ် ရှိသည်။ အခြေခံ လူ့သဘာဝနှင့် လူ့စရိုက်ကို ထင်းလင်းစွာ သရုပ်ဖော်နိုင်သည့်အပြင် သွေးထွက်အောင် မှန်သော အဆိုအမိန့် ဖြစ်သည်။
ကုန်ခဲ့သည့် နှစ် ၂၆၀၀ ကျော်က ပွင့်တော်မူခဲ့သည့် ဗုဒ္ဓက ယင်းအချက်နှင့် ပတ်သက်၍ ဓမ္မပဒတွင် အောက်ပါအတိုင်း ဆုံးမခဲ့ပြီး ဖြစ်သည်။
“ရှေးဦးစွာသာလျှင် မိမိကိုယ်ကိုယ် သင့်လျော်သော အကျင့်၌ တည်စေရာ၏၊ ထို့နောက်မှ သူတစ်ပါးကို ဆုံးမရာ၏၊ ပညာရှိသည် သူတစ်ပါး ကဲ့ရဲ့ခြင်းဖြင့် မညစ်နွမ်းစေရာ။ သူတစ်ပါးကို ဆုံးမသော နည်းအတိုင်း မိမိကိုယ်တိုင် လိုက်နာ ပြုကျင့်ရာ၏၊ မိမိကိုယ်တိုင် ယဉ်ကျေးပြီးသော်မှ သူတစ်ပါးကို ဆုံးမရာ၏၊ မိမိကိုယ်ကိုယ် ယဉ်ကျေးအောင် ဆုံးမရခြင်းသည် ခဲယဉ်း လှစွတကား။”
ယနေ့ ကမ္ဘာပေါ်တွင် ဖြစ်ပွားနေသော ပဋိပက္ခများ၊ အငြင်းပွားမှုများ၊ ရန်ပွဲ၊ စစ်ပွဲများ၊ ဘာသာရေး၊ လူမျိုးရေး အစွန်းရောက်မှုများ၊ အင်အားသုံး အကြမ်းဖက်မှုများ၊ အလုံးစုံအာဏာ ချုပ်ကိုင်မှုများနှင့် ထိုဖြစ်စဉ်တို့တွင် ပါဝင်နေသူများသည် မိမိကိုယ်ကိုယ် ပြုပြင်ပြောင်းလဲရန် အရင်မကြိုးစားဘဲ ပတ်ဝန်းကျင်ကို မိမိတို့ သဘောဖြင့် ပြောင်းလဲရန် ကြိုးစားနေကြခြင်းသာ ဖြစ်သည်။
ထို့အတူ မိမိတို့ တစ်ဦးချင်းစီ၏ နေ့စဉ်ဘဝများ၊ မိသားစုဘဝများ၊ အဖွဲ့အစည်း၊ အသင်းအပင်း များတွင်လည်း ထိုသို့ပင်။ ထိပ်ဆုံး တာဝန်ရှိသူ သို့မဟုတ် ခေါင်းဆောင် သို့မဟုတ် အဖွဲ့အစည်း ကိုယ်၌က ဖြစ်စေချင်၊ ပြောင်းစေချင်သော အခြေအနေ၊ အသွင်သဏ္ဌာန်နှင့် ဆီလျော် ညီညွတ်စေရန် ကိုယ်တိုင် ဗွေဆော်ဦး ပြုပြင်ပြောင်းလဲမှု မရှိသေးဘဲ အခြားသူများ သို့မဟုတ် ၎င်းတို့ ဦးဆောင်သော မိသားစု၊ အဖွဲ့အစည်းနှင့် လူ့အဖွဲ့အစည်း တစ်ခုအပေါ် ပြုပြင် ပြောင်းလဲရန် တွန်းအားပေး၍ မရနိုင်ပေ။
ဆိုလိုသည်မှာ အရာအားလုံးကို မိမိက အရင်စမှ ရမည်ဆိုသည့်သဘော ဖြစ်သည်။ ယင်းမှာ နယ်ပယ်တိုင်း၊ နေရာတိုင်း၊ လူ့အဖွဲ့အစည်း တိုင်းအတွက် အခြေခံအကျဆုံး သဘောတရား ဖြစ်သည်။ သို့သော် ဗုဒ္ဓ မိန့်ဆိုခဲ့သည့်အတိုင်း ခဲယဉ်းသည်။ သာမန် လူအများစုအတွက် မလွယ်ကူပေ။ ထို့ကြောင့် တစ်စုံတစ်ယောက် ဖြစ်လိုသူ သို့မဟုတ် မိမိ လူ့အဖွဲ့အစည်းအတွက် တစ်စုံတစ်ရာ ဦးဆောင် တာဝန်ထမ်းလိုသူ လူချွန်၊ လူတော်များသာ တတ်နိုင်သည်။
နိုင်ငံတစ်ခု၊ လူ့အဖွဲ့အစည်း တစ်ရပ် ဖွံ့ဖြိုး တိုးတက် စေလိုပါက ထိုနိုင်ငံ၊ ထိုလူ့အဖွဲ့အစည်းတွင် လူချွန်၊ လူတော်များစွာ လိုအပ်သည်။ တစ်နည်းအားဖြင့် လက်ရှိ မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေး ကာလသည် မိမိကိုယ်ကိုယ် လိမ္မာယဉ်ကျေးအောင် ဆုံးမထားသူများ၊ မိမိကိုယ်ကိုယ် ဦးစွာ ပြုပြင်ပြောင်းလဲ ထားသူများ၊ လူချွန်၊ လူတော်များ အပူတပြင်း လိုအပ်နေကြောင်း ပြောလိုရင်း ဖြစ်သည်။
အယ်ဒီတာ (၁၂-၁၂-၂၀၁၃)
(ဒီဇင်ဘာလ ၁၃ ရက်နေ့ထုတ် The Voice နေ့စဉ်သတင်းစာ မျက်နှာဖုံးနှင့် Editorial)
Aye Chan Mon# မေတ္တာဖြင့် ပြန်လည်မျှဝေပါသည်
Credit To :The Voice Weekly

Post a Comment