ငြိမ်းချမ်းရေး လမ်းလျှောက်သူများအပေါ် ပုဒ်မ(၁၈)ဖြင့် ထောင်ချခြင်းသည် ဒီမိုကရေစီ တည်ထောင်မှုအပေါ်တွင် ပြည်သူလူထု ပါဝင်မှုကို လျော့နည်းစေသည့်အပြင်၊ လူထုပါဝင်မှု အခန်းကဏ္ဍ တိုးလာရန်အတွက်လည်း ယင်းဥပဒေပုဒ်မဖြင့် ဖမ်းဆီးခြင်း မပြုလုပ်သင့်ဟု ထင်မြင်ကြောင်း ရန်ကုန်-လိုင်ဇာ ငြိမ်းချမ်းရေး လမ်းလျှောက်သူများအဖွဲ့မှ ကိုဇင်ကိုကိုက ပြောကြားသည်။
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားသည့် စစ်ပွဲများနှင့် ပတ်သက်၍ ရန်ကုန်မှ လိုင်ဇာသို့ ငြိမ်းချမ်းရေး လမ်းလျှောက်သူနှစ်ဦးကို လှိုင်မြို့နယ်တရားရုံးမှ ပုဒ်မ(၁၈)ဖြင့် ငွေဒဏ်နှင့် ထောင်ဒဏ်ချမှတ်ခဲ့ခြင်းနှင့် ပတ်သက်၍ ရန်ကုန်-လိုင်ဇာ ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့မှ ငြိမ်းချမ်းရန် ဆန္ဒပြုလမ်းလျှောက်ခြင်းသာဖြစ်၍ ဆန္ဒထုတ်ဖော်ခြင်းမဟုတ်ဟု အဆိုပါကိစ္စနှင့်ပတ်သက်၍ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။
"ကျွန်တော်တို့အနေနဲ့ ပုဒ်မ(၁၈)ကို ကျူးလွန်ခြင်း မရှိဘူးဆိုတာ ပြောချင်ပါတယ်။ ငြိမ်းချမ်းရေး လမ်းလျှောက်ဖို့စာကိုလည်း နိုင်ငံတော် သမ္မတအပါအ၀င် လွှတ်တော်ရေးရာ ကော်မတီအသီးသီးကိုလည်း ခုနစ်ရက် တရားဝင် ကြိုတင်ပြီးတော့ ပြောကြားခဲ့ပါတယ်။ ငြိမ်းချမ်းရေး လမ်းမလျှောက်ခင် သတင်းစာ ရှင်းလင်းပွဲကိုလည်း တစ်နိုင်ငံလုံး တရားဝင် ပြောကြားပြီးမှ လုပ်ခဲ့တာပါ။ ကျွန်တော်အဓိကပြောချင်တာက ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေနဲ့ ပြစ်မှုထင်ရှားတယ်ဆိုရင် ရဲတပ်ဖွဲ့က ကျူးလွန်တဲ့နေရာမှာ ချက်ချင်းဖမ်းဆီး အရေးယူရမှာပါ။ လမ်းလျှောက်တဲ့နေ့က လုပ်ထုံးလုပ်နည်းနဲ့ မညီဘူးလို့ဘဲ ပြောကြားသွားခြင်း ရှိတယ်"ဟု ရန်ကုန်-လိုင်ဇာ ငြိမ်းချမ်းရေးအဖွဲ့မှ ကိုဇင်ကိုကိုက ပြောကြားသည်။
လှိုင်မြို့နယ်တရားရုံးအပါအ၀င် တရားရုံးခုနစ်ရုံးတွင် ငွေဒဏ်တစ်သောင်း ပေးဆောင်ရန်နှင့် ထောင်ဒဏ်ခုနစ်လ ကျခံရန် ချမှတ်ခံရသည့် ရန်ကုန်-လိုင်ဇာ ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့မှ ကိုရန်နိုင်ထွန်းနှင့် ကိုအောင်မင်းနိုင် နှစ်ဦးအပြင် တခြားလမ်းလျှောက်အဖွဲ့ဝင် ငါးဦးမှာလည်း လက်ရှိတွင် မြို့နယ်အသီးသီး၌ ပုဒ်မ(၁၈)ဖြင့် တရားစွဲဆိုခံထားရကြောင်း သိရသည်။
"အာဏာပိုင်တွေက လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးယူနေတဲ့ အချိန်မှာတောင် ဒီလိုဘာမှအပြစ်မရှိတဲ့ ပြည်သူတွေက ငြိမ်းချမ်းဖို့အတွက် လမ်းလျှောက်တာကို ဘာလို့ ငြိမ်းချမ်းရေး မပေးနိုင်တာလဲဆိုတာကို ကျွန်မတွေးပြီး တော်တော်စိတ်မကောင်း ဖြစ်မိပါတယ်၊ လက်နက်ကိုင်တွေနဲ့တောင် ငြိမ်းချမ်းရေး ယူနေတဲ့အချိန်မှာ ဒီကလေးတွေကို ငြိမ်းချမ်းရေး မယူနိုင်ဘဲနဲ့ ဒီလိုဖမ်းဆီး ထောင်ချတယ်ဆိုတော့ ကျွန်မစိတ်မကောင်းဘူး"ဟု ကိုရန်နိုင်ထွန်း၏ မိသားစုဝင်တစ်ဦးဖြစ်သူ အဘွားဒေါ်တင်ညွန့်က ပြောကြားသည်။
ရန်ကုန်-လိုင်ဇာ ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့အနေဖြင့် အာဏာပိုင်များမှ တောင်းဆိုသော ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေပုဒ်မ(၁၈)တွင် ပါဝင်သည့် အလံကိုင်ဆောင်ခြင်း မပြုလုပ်ရ၊ ဗီနိုင်း ပိုစတာ ကိုင်ဆောင်ခြင်း မပြုလုပ်ရ၊ စာရွက်စာတမ်း ဖြန့်ဝေခြင်းမပြုလုပ်ရ၊ ပြည်သူလူထုကို ဟောပြောခြင်း မပြုလုပ်ရစသည့် အချက်လေးချက်ကိုလည်း ငြိမ်းချမ်းရန် ဆန္ဒပြုလမ်းလျှောက်ခြင်းသာဖြစ်၍ ဆန္ဒထုတ်ဖော်ခြင်း မဟုတ်သည့်အတွက် ရန်ကုန်မှ ပဲခူးသို့ ရောက်ရှိချိန်တွင် သဘောတူလက်မှတ် ရေးထိုးပေးခဲ့ကြောင်း သိရသည်။
ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့သည် ရန်ကုန်မြို့မှ ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၂၁ ရက်တွင် ထွက်ခွာခဲ့ပြီး မတ် ၁၇ ရက်တွင် လိုင်ဇာသို့ ရောက်ရှိကာ ရက်ပေါင်း ၅၆ ရက်ကြာ လမ်းလျှောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
(ရန်ကုန်-လိုင်ဇာ လမ်းလျှောက်အဖွဲ့မှ ကိုဇင်ကိုကိုက ပုဒ်မ(၁၈)ဖြင့် အရေးယူမှုအပေါ် ရှင်းလင်းပြောကြားစဉ်)
အေးချမ်းမွန် Credit To >Eleven Media Group< Thankhttps://www.facebook.com/excellencemedia
Post a Comment