လုပ်သားသမဂ္ဂ အဖွဲ့ချုပ် ဥက္ကဋ္ဌ အလုပ်ထုတ်ခံရ
ရန်ကုန်၊ ဒီဇင်ဘာ ၉
မြန်မာနိုင်ငံ မြို့ကြီးအချို့ရှိ လုပ်သားများ၏ သဘောဆန္ဒဖြင့် ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံလုံး ဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (ယာယီ) ဥက္ကဋ္ဌ ဦးအောင်လင်းကို လက်ရှိအလုပ် လုပ်ကိုင်နေသည့် မြန်မာ့ဟေမာန် ရုပ်ပြပန်းချီ ကုမ္ပဏီက အလုပ်ထုတ်လိုက်ကြောင်း အဆိုပါ အဖွဲ့ချုပ်ထံမှ သိရှိရသည်။
အလုပ်ထုတ်ခံရသည့် အကြောင်းရင်းကို သေချာစွာ မသိရှိရသေးသော်လည်း အလုပ်ပျက်ရက် များပြားသည့် အတွက် ဖြစ်နိုင်ကြောင်း၊ ၎င်းနှင့်အတူ ရုပ်ပြ ပန်းချီဆရာများ အခြေခံ အလုပ်သမား အဖွဲ့အစည်းမှ ဘဏ္ဍာရေးမှူးလည်း အလုပ်ထုတ်ခံရကြောင်း ဦးအောင်လင်းက ဆိုသည်။
“မြန်မာ့ဟေမာန် ရုပ်ပြပန်းချီ ကုမ္ပဏီသည် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်ရှိ တောင်ကိုရီးယား နိုင်ငံသား ပိုင်ဆိုင်သည့် ပြည်ပသို့ တင်ပို့သော ရုပ်ပြ ပန်းချီဇာတ်လမ်းများ ရေးဆွဲ ထုတ်လုပ်သည့် ကုမ္ပဏီဖြစ်သည်။
“ကျွန်တော်တို့ကို အလုပ်ထုတ်မယ် ပြောတယ်။ ပြစ်ချက်တော့ ဘာမှမပြောဘူး” ဟု မြန်မာ့ဟေမာန် ရုပ်ပြပန်းချီ ကုမ္ပဏီတွင် လုပ်ကိုင်သူများဖြင့် ဖွဲ့စည်းထားသည့် ရုပ်ပြန် ပန်းချီဆရာများ အခြေခံ အလုပ်သမား အဖွဲ့အစည်း ဥက္ကဋ္ဌ အဖြစ်လည်း တာဝန်ယူထားသူ ၎င်းကပြောကြားသည်။
ဦးအောင်လင်းကို အလုပ်ထုတ်မည် ဆိုသည့် သတင်းမှာ မှန်ကန်သော်လည်း ကုမ္ပဏီအနေနှင့် ယင်းကိစ္စနှင့် ပတ်သက်၍ ထုတ်ပြန်ရန် အစီအစဉ် မရှိသေးကြောင်း မြန်မာ့ဟေမာန် ရုပ်ပြပန်းချီ ကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဆိုသည်။
အလားတူ အဆိုပါ ကုမ္ပဏီတွင် လုပ်ကိုင်နေသည့် အခြေခံ အလုပ်သမား အဖွဲ့အစည်း အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင် နှစ်ဦးတို့ကို အလုပ်ဌာန ပြောင်းရွှေ့ လုပ်ကိုင်ရန် ငြင်းဆန်သည်ဟုဆိုကာ အလုပ်ထုတ်ခံ ထားရကြောင်း၊ အလုပ်ထုတ်ခံ ထားရသော်လည်း ၎င်းတို့နှစ်ဦးသည် ဒီဇင်ဘာလ ၁၀ ရက်နေ့ အလုပ်ဆင်းမည် ဖြစ်ကြောင်း ဦးအောင်လင်းက ဆိုသည်။
အလုပ်သမားများ၏ ရပိုင်ခွင့် အခွင့်အရေးများ တောင်းဆိုမှုကြောင့် လစာ ထက်ဝက်ကျော် လျှော့ချခံရသည်ဟု မြန်မာ့ဟေမာန် ရုပ်ပြပန်းချီ ကုမ္ပဏီနှင့် လုပ်သားများ ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် အငြင်းပွားမှုများ ဆက်တိုက် ဖြစ်ပွားခဲ့သည်။
မြန်မာနိုင်ငံလုံး ဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (ယာယီ) ကို နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ကျင်းပသည့် မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ ညီလာခံတွင် တက်ရောက်လာသည့် လုပ်သား ကိုယ်စားလှယ် ၁၄၆ ဦးက မဲစနစ်ဖြင့် ဖွဲ့စည်းခဲ့ပြီး ဦးအောင်လင်းကို ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခဲ့ကြသည်။
#Aye #Chan #Mon မှ ပြန်လည်မျဝေပါသည်
Credit To:The Voice Weekly
Post a Comment