Saturday, December 7, 2013
ရန်ကုန်၊ ပုဂံ၊ အင်းလေး၊ ကျိုက်ထီးရိုး၊ ချောင်းသာ၊ မန္တလေး၊ ငပလီကမ်းခြေ၊
ငွေဆောင်နယ်မြေများ အပါအ၀င် ပင်မခရီးသွား စီမံကိန်း (Tourism Master Plan) ၏ ဒေသများ အကျိုးသက်ရောက် နိုင်မှုအပေါ် စောင့်
ကြည့်လေ့လာ အကဲဖြတ်မှုများကို ၂၀၁၄ တွင် စတင်ပြုလုပ် သွားမည်ဖြစ်ပြီး အဆိုပါ ခရီးသွား နယ်မြေများတွင် ခရီးသွား ၀န်ဆောင်မှုကို အဓိက တိုးမြှင့်သွားမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနမှ သိရသည်။
ထို့ပြင် ပူတာအို၊ မြိတ်ကျွန်းစု၊ နာဂလမ်း၊ မောက်တောင်နှင့် လွိုင်ကော်ဒေသ တို့ကိုလည်း ယခုထက်ပိုမို အဆင်ပြေသွားရ လွယ်ကူသည့် ဒေသများဖြစ်စေရန် ဆောင်ရွက်သွားမည်ဟု သိရသည်။
လက်ရှိတွင် ခရီးသွားတိုးမြှင့်ရေး ပြုလုပ်မည့် ဇုန်ဒေသများကို ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနနှင့် လူဇင်ဘတ်နိုင်ငံမှ လူ့စွမ်းအား အရင်းအမြစ် တိုးတက်ရေး အဖွဲ့တစ်ဖွဲ့တို့ ပူးပေါင်းပြီး ဒေသခံများနှင့် ဆွေးနွေးကာ အချက်အလက် ကောက်ခံမှုများ စတင်ပြုလုပ်နေပြီ ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
''ကျွန်မတို့ ၀န်ကြီးဌာနနဲ့ လူဇင်ဘတ်က အဖွဲ့တစ်ဖွဲ့တို့ နိုဝင်ဘာ ၁၄ မှာ (Tourism Master Plan) နဲ့ ပတ်သက်ပြီး ဆွေးနွေးတယ်။ ဆွေးနွေးတဲ့ အချက်ပေါ်မှာ ၀န်ကြီးကလည်း ထောက်ခံမှု ပြုလုပ်ခဲ့တယ်။ အဲဒီအတွက် လာရောက်တဲ့ အဖွဲ့တွေကနေပြီးတော့ စီမံကိန်းမှာပါဝင်တဲ့ ဒေသခံနဲ့
ဒေသတွေရဲ့ အကျိုးသက်ရောက် မှုတွေကို စောင့်ကြည့်လေ့လာ အကဲဖြတ်မှုတွေကို လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်'' ဟု ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြား
သည်။
ညွှန်းဆိုထားချက်တွင် ပါဝင်သော ပင်မခရီးသွား စီမံကိန်း (Tourism Master Plan) အရ ခုနစ်နှစ်အတွင်း အလုပ်အကိုင် တစ်သန်းခွဲကျော် ဖန်တီးပေးနိုင်မည်ဖြစ်ပြီး ခရီးသွားကဏ္ဍမှ ရရှိသည့် ၀င်ငွေမှာလည်း ဒေါ်လာ ၁၀ ဘီလျံကျော်ထိ ရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။ စီမံကိန်းတွင် ပရောဂျက် ၃၈ ခုပါဝင်ပြီး ဒေါ်လာသန်း ၅၀၀ ခန့် ကုန်ကျမည်ဖြစ်ကာ အာရှဖွံ့ဖြိုးရေးဘဏ်နှင့် နော်ဝေအစိုးရတို့က ထောက်ပံ့မည် ဖြစ်ကြောင်း၊ လက်ရှိတွင် ပရောဂျက် ၂၁ ခု အတွက် ဒေါ်လာ ၂၁၅ ဒသမ ၆ သန်း ရရှိထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနက ထုတ်ပြန်ထားသည်။
စီမံကိန်းတွင် အဓိကပါဝင်မည့် မဟာဗျူဟာ ခြောက်ခုတွင် မြန်မာနိုင်ငံကို ကမ္ဘာပေါ်တွင် ထင်ရှားသော ခရီးသွားနေရာသစ် တစ်ခုအဖြစ် မြှင့်တင်ခြင်း၊
နိုင်ငံခြားသားများ အတွက် အခြေခံ အဆောက်အအုံ တိုးတက်လာရန်၊ အဆင့်အတန်း အရည်အသွေးမြင့်သော ခရီးစဉ်ဒေသများ တိုးတက်စေရန်၊ စီမံခန့်ခွဲမှုနှင့် စီမံကိန်းများ ရေးဆွဲရန်နှင့် လူ့စွမ်းအားအရင်းအမြစ် တိုးတက်ရန်နှင့် အဖွဲ့အစည်းများ အင်အားတောင့်တင်းရန်တို့ ဖြစ်ကြောင်း သိရသည်။
(ခရီးသွားဝန်ဆောင်မှုကို အဓိကတိုးမြှင့်မည့် ဒေသအဖြစ် ပါဝင်သော ချောင်းသာကမ်းခြေအား တွေ့ရစဉ်)
အေးချမ်းမွန် Credit To >eleven media group < Thankhttps://www.facebook.com/excellencemedia
Post a Comment