0


စွမ်းအားရှင်များအား လေ့ကျင့်ပေးနေစဉ်

မိုးဇေညိမ်း
မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ ဘာသာရေးပဋိပက္ခတွေမှာ နအဖခေတ်က နာမည်ကြီးဗီလိန်တွေ ဖြစ်တဲ့ စွမ်းအားရှင်တွေ ပါဝင်ပတ်သတ်နေတယ်ဆိုတဲ့ သတင်းတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။ စွမ်းအားရှင်တွေကို ပြည်သူတွေ မုန်းတီးရွံရှာ ကြပါတယ်။ ဒါပေမဲ့ စွမ်းအားရှင်ဆိုတာ၊ ဘယ်သူတွေလဲ၊ ဘယ်လိုဖွဲ့စည်းလုပ်ကိုင်သလဲ ဆိုတာကိုတော့၊ စစ်အစိုးရ လက်အောက်က တခြားသော လူထုဖိနှိပ်ရေးလျှို့ဝှက်ယန္တရားတွေလို၊ အဖြစ်ပျက်တွေလိုပဲ အဆန်းတကျယ် ကိစ္စတခုလိုဖြစ်နေပြီး တိတိကျကျ ပေးနိုင်ကြတာ မတွေ့ရပါဘူး။ တချို့ကျတော့လည်း နီးစပ်ရာအလိုက် ဘယ်သူကတော့ စွမ်းအားရှင်ဆိုတဲ့ထဲမှာ ပါတယ်လို့ သိကြတာတွေတော့ ရှိပါတယ်။ ဒါ့ကြောင့်မို့ အာဏာရှင်တွေရဲ့ နောက်ဆုံးပေါ် အသုံးအကျဆုံး လူထုဖိနှိပ်မှုအဖွဲ့အစည်းတစ်ခုအကြောင်းကို ဒီမိုကရေစီနဲ့လူ့အခွင့်အရေး ဘက်တော်သားတွေ ရေရေရာရာ သိရှိထားဖို့ လိုအပ်ပါတယ်။ စွမ်းအားရှင်တွေကို ရဲ၊ စစ်တပ်၊ အခြားလုံခြုံရေးအဖွဲ့ အစည်းတွေနဲ့ ပေါင်းစပ်တာဝန်ထမ်းဆောင်ဖို့ ဘယ်လို စီမံခဲ့တယ်ဆိုတာ မူရင်းစီမံချက် အထောက်အထားတွေ၊ ဓာတ်ပုံတွေ၊ နှစ်ရှည်လများ စွန့်စားစုဆောင်းခဲ့တဲ့ အချက်လက်တွေနဲ့ အဖြစ်နိုင်ဆုံး ပြည့်စုံ အောင် တင်ပြလိုက်ပါတယ်။

စွမ်းအားရှင်တို့ ဘယ်လိုပေါ်လာလဲ

၂၀၀၇ ခုနှစ်၊ သံဃာ့အရေးအခင်းကာလနောက်ပိုင်း မှာ ပြည်သူတွေ အကြားမှာ မသတီစရာ အကြောင်းအရာ တစ်ခု ပြန့်နှံ့လာခဲ့ပါတယ်။ အဲ့ဒါကတော့ “စွမ်းအားရှင်” ဆိုတဲ့ စကားလုံးပါပဲ။ သံဃာ့အရေးအခင်းကာလမှာ သံဃာတော်နဲ့ ပြည်သူတွေကို အကြမ်းဖက်နှိမ်နှင်းခဲ့ကြတဲ့ စစ်တပ်တွေ၊ ရဲတွေနဲ့ တစ်တန်းတည်းထားပြီး စွမ်းအားရှင် ဆိုတဲ့လူတွေကိုလည်း မုန်းတီးခဲ့ကြပါတယ်။ စွမ်းအားရှင်ဆိုတဲ့သူတွေဟာ ပြည်သူထဲက ပြည်သူတွေပါပဲ။ ဒါပေမဲ့ စစ်အစိုးရရဲ့ ဖိနှိပ်မှုယန္တရားထဲက ခွေးသွားစိတ်လေး တစ်ခုမို့ “အသားထဲက လောက်ထွက်တဲ့ သူတွေ” လို့ ပြည်သူတွေက သတ်မှတ်ခဲ့ကြပါတယ်။ တကယ်ကတော့ နိုင်ငံတကာရဲ့ အာဏာရှင် တွေသမိုင်းမှာ အိုင်ဒီယာအသစ် တခုတော့မဟုတ်လှပါဖူး။ ဟစ်တလာရဲ့ ရှပ်ညိုတပ်တွေလို အာဏာရှင်တွေရဲ့ ဒေါက်တိုင် လက်ကိုင်အဖွဲ့ စည်းတခု အဖြစ်နဲ့ စွမ်းအားရှင်တွေကို စုဖွဲ့ ထားခဲ့တာပါ။ လက်တွေ့ မှာစွမ်းအားရှင်တွေကို စပြီးအောင်မြင်စွာအသုံးပြုနိုင်ခဲ့တာ ကတော့ နာမည်ကျော်ဒီပဲရင်းအရေးခင်းမှာဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ်၊ မေလ (၃၀) ရက်နေ့က ဒီပဲယင်းမြို့၊ ရွာသစ်ရွာ အနီးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဝင်တွေရဲ့ ယာဉ်တန်းကို အကြမ်းဖက် တိုက်ခိုက်ရာမှာ အစိုးရနဲ့ကြံ့ဖွံ့ တို့ရဲ့ လက်ကိုင်တုတ်လူမိုက်တွေကို အသုံးပြုခဲ့ပါတယ်။ ဒါပေမဲ့ သတင်းထုတ်ပြန်တဲ့အခါမှာတော့ NLD ကို မလိုလားသော လူစုလူဝေးလို့သာ သုံးနှုန်းခဲ့ပါတယ်။ အတိုက်အခံတွေကို နှိပ်ကွပ်တဲ့အခါ နအဖအတွက် ဒီလို လူမိုက်တွေဟာ အင်မတန် အသုံးတည့်ကြောင်း ဒီပဲယင်းအကြမ်းဖက်မှုမှာ သိရှိသွားပါတယ်။ ပြောရမယ်ဆိုရင်တော့ ဒီပဲယင်း အရေးအခင်းဟာ စွမ်းအားရှင်တွေရဲ့ ပွဲဦးထွက်ပါပဲ။

စွမ်းအားရှင်များအား ရွှေဝါရောင် တော်လှန်ရေး မတိုင်မီကတည်းပင် ဤသို့ လေ့ကျင့်ပေးထားခဲ့သည်

ဒီ့နောက်ပိုင်းမှာတော့ အစိုးရကိုဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေကို နှိမ်နှင်းဖို့အတွက် စွမ်းအားရှင်တွေကို စုဖွဲ့ စည်းရုံး ခဲ့ပါတယ်။ စွမ်းအားရှင်တွေကို စည်းရုံးတဲ့နေရာမှာ အဓိကသတ်မှတ်ထားတဲ့ အရည်အချင်းကတော့ လက်ရဲဇက်ရဲ၊ လုပ်ရဲကိုင်ရဲ ရှိဖို့နဲ့ အစိုးရဒေါက်တိုင်တွေဖြစ်တဲ့ ရဲ၊ ကြံ့ဖွံ့တို့က ခိုင်းတာကို တသဝေမတိမ်း နာခံတတ်တဲ့သူတွေဖြစ်ဖို့ပဲ အဓိကထား ရွေးချယ်ခဲ့ပါတယ်။ စွမ်းအားရှင်တွေရဲ့ အောက်ခြေအဆင့်တွေကတော့ ရဲ၊ရ၀တ စတဲ့ဒေသအုပ်ချုပ်ရေး တွေကို ဥပဒေအရမကင်းနိုင်တဲ့ ငြိစွန်းတဲ့ကိစ္စတွေမှာပက်သက်နေလို့ မလွန်ဆန်နိုင်တဲ့၊ ချဲ၊ နှစ်လုံးထီ၊ လောင်းကစား လုပ်ငန်းတွေ၊ အသေးစားဒုစရိုက်မှုလေးတွေနဲ့ ပတ်သတ်နေတာမို့ ရဲတွေခိုင်းသမျှ လုပ်နေရသူတွေ၊ ရပ်ကွက် လူမိုက်တွေနဲ့ နိုင်ငံရေးအကြောင်း နားမလည်တဲ့ အလုပ်အကိုင်မဲ့၊ အခြေအနေမဲ့လူတွေ စသဖြင့် ပါဝင်ခဲ့ပါတယ်။ ဒီလူတွေကို ကွပ်ကဲတဲ့ အထက်အဆင့်နေရာတွေမှာတော့ နအဖအစိုးရနဲ့မကင်းရာ မကင်းကြောင်း လုပ်ငန်းရှင်တွေ၊ ချဲဒိုင်၊ နှစ်လုံးဒိုင်တွေ၊ ကြံဖွံ့ပါတီကလူတွေ၊ မီးသတ်နဲ့ ရယကတို့ ပါဝင်ပါတယ်။

စွမ်းအားရှင်များကို ထည့်သွင်းအသုံးပြုရေးဆွဲ ထားသော နေပြည်တော် တိုင်း စစ်ဌာနချုပ်၏ လုံခြုံရေးစီမံချက်တစ်ခု

စွမ်းအားရှင်ဆိုတာ ဘာလဲ

စွမ်းအားရှင် ဆိုတဲ့ စကားလုံးကို အစိုးရက တရားဝင်ဖော်ထုတ် စတင် အသုံးပြုခဲ့တာကတော့ ၂၀၀၆ ခုနှစ်၊ နိုဝင်ဘာလ (၂) ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ နအဖသတင်းစာရှင်းလင်းပွဲ (၇/၂၀၀၆) မှာ ဖြစ်ပါတယ်။ အဲဒီ့ သတင်း စာ ရှင်းလင်းပွဲမှာ စွမ်းအားရှင်ဆိုတဲ့ စကားလုံးနဲ့ ပတ်သတ်ပြီး “မီးသတ်၊ ကြက်ခြေနီ၊ ရယကစသဖြင့် အဲဒီ ပုဂ္ဂိုလ်တွေဟာ လစာရိက္ခာ တစ်ပြားတစ်ချပ်မှ မယူဘဲနဲ့ သီးခြားစေတနာအလျှောက် ကူညီပေးတဲ့ စွမ်းအားများဖြစ်တဲ့အတွက်ကြောင့် ဒီပုဂ္ဂိုလ်များကို စွမ်းအားရှင်လို့ နိုင်ငံတော်က စာလုံးရွေးချယ် သတ်မှတ်ပြီးတော့ ဂုဏ်ပြု ခေါ်ဝေါ်ခြင်း ဖြစ်ပါတယ်” (၃-၁၁-၂၀၀၆ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ၊ စာမျက်နှာ ၁၃) လို့ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက ပြောခဲ့ပါတယ်။

တကယ်တော့ ဗိုလ်မှူးချုပ်ခင်ရီဟာ စွမ်းအားရှင်ဆိုတာ ဘယ်သူတွေလဲဆိုတဲ့ မေးခွန်းကို လိမ်ညာ ပြောဆိုပြီး တည့်တည့်မပြောပဲ၊ တဖက်လှည့်နဲ့ စွမ်းအားရှင်အဖွဲ့ စည်းကို တရားဝင် အောင် ၊အမိန့် ကြေညာစာမထုတ်ပဲ ဥပဒေ ဘောင် စသွင်းသွားခဲ့တာသာ ဖြစ်ပါတယ်။ နအဖရဲ့ ခိုင်းဖတ် လက်ကိုင်တုတ်လူမိုက်တွေ အဖြစ်ကို မရေမရာအဖြေနဲ့ ဖုံးကွယ်သွားခဲ့တာပါ။ အဲဒီ့လက်ကိုင်တုတ်တွေဟာ ရယက တွေ၊ မီးသတ်တွေ မဟုတ်ကြပါဘူး။ စွမ်းအားရှင်တွေဟာ ရယက၊ အရန်မီးသတ်တို့ထက် ကြံ့ဖွံ့အဖွဲ့ကလူတွေနဲ့ ပိုပြီး နီးစပ်၊ ရောယှက်မှုရှိပါတယ်။ ရဲတပ်ဖွဲ့က ရေးဆွဲခဲ့တဲ့ လုံခြုံရေးစီမံချက်တွေကို ပြန်လည်လေ့လာကြည့်တဲ့အခါမှာ “မိတ်ဖက်အဖွဲ့အစည်းများ” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ (၁) မြို့နယ်/ရပ်ကွက် အေးချမ်းဖြိုးကောင်စီဝင်များ (၂) မီးသတ်များ (၃) အရန်ရဲများ (၄) စွမ်းအားရှင်များ (၅) ကြက်ခြေနီများ (၆) ပြည်ခိုင်ဖြိုး ပါတီဝင် များ ဆိုပြီး သီးသန့်အင်အားအနေနဲ့ ထည့်သွင်း ဖော်ပြတာကို တွေ့နိုင်ပါတယ်။ နအဖအစိုးရဟာ တကယ်တော့ စွမ်းအားရှင် တွေကို စနစ်တကျ စုဖွဲ့ပြီး ဆန္ဒပြမူတွေကိုဖြိုခွဲဖို့နဲ့၊ လူထုကို ကြောက်လန့်အောင်၊ မလှန်ရဲအောင် ဖိနှိပ်ရေး အင်အားစုတစ်ခုအနေနဲ့ အသုံးချနိုင်ဖို့ အကြံစည်ရှိရှိ ကျကျနန စီစဉ်ခဲ့တာပါ။

အရှင်းဆုံးနဲ့ အတိုချုပ်ပြောရရင်တော့ စွမ်းအားရှင်ဆိုတာဟာ ပြည်သူထဲကပဲဖြစ်ပေမဲ့၊အရပ်သားတွေ ဖြစ်ပေ မဲ့ အာဏာရှင်တွေရဲ့ လိုအပ်ချက်အတိုင်း ပြည်သူတွေပေါ်ဖိနှိပ်ဖို့ အတွက် စနစ်တကျဖွဲ့ထားတဲ့ လက်ကိုင်ဒုတ် အဖွဲ့အစည်းဖြစ်လို့ အာဏာရှင်ရဲ့လက်မရွံ့တပ်လို့ ခေါ်နိုင်ပါတယ်။

အေးချမ်းမွန် Credit To >သူရိယနေ၀န်း< Thankhttps://www.facebook.com/excellencemedia
4

Post a Comment

 
Top