0

ရန်ကုန်၊ ဒီဇင်ဘာ ၇

ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပြည်တွင်း စစ်ပွဲများ ရပ်ဆိုင်းရေးအတွက် ယခုနှစ်ဇန်နဝါရီလ အတွင်းက အရပ်ဘက် အဖွဲ့အစည်း အချို့နှင့် ပြည်သူတို့ ပူးပေါင်း ပြုလုပ်ခဲ့သည့် ရန်ကုန်မြို့တော်မှ ကချင်ပြည်နယ် လိုင်ဇာမြို့သို့ လမ်းလျှောက်ခြင်း ခရီးစဉ်သည် ပုဒ်မ ၁၈ ဖြင့် ငြိစွန်းခြင်း မရှိကြောင်း ရန်ကုန်-လိုင်ဇာ လမ်းလျှောက်သူများက ၎င်းတို့အပေါ် ပုဒ်မ၁၈ ဖြင့် အရေးယူခြင်းနှင့် ပတ်သက်၍ ဒီဇင်ဘာလ ၆ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ဒီဇင်ဘာလ ၅ ရက်နေ့က ရန်ကုန်- လိုင်ဇာ ငြိမ်းချမ်းရေး လမ်းလျှောက် ခရီးစဉ်တွင် ပါဝင်သူ နှစ်ဦးဖြစ်သည့် ကိုရန်နိုင်ထွန်းနှင့် ကိုအောင်မင်းနိုင်ကို လှိုင်မြို့နယ် တရားရုံးက ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ အရ ပြစ်မှု ထင်ရှားသဖြင့် တစ်ဦးလျှင် ငွေဒဏ် ကျပ်ခုနစ်သောင်းစီ ပေးဆောင်စေရန်နှင့် မပေးဆောင်ပါက အလုပ် နှင့်ထောင်ဒဏ် တစ်ဦးလျှင် ခုနစ်လစီ ကျခံစေရန် အမိန့်ချမှတ်ခဲ့သည့် လှိုင်မြို့နယ် တရားရုံး၏ စီရင်ချက်ကို ရန်ကုန်-လိုင်ဇာ လမ်းလျှောက်အဖွဲ့က ကန့်ကွက်ကြောင်း အဆိုပါ ခရီးစဉ်တွင် ပါဝင်ခဲ့သူ ကိုစည်သူက ပြောကြားသည်။

“ကျွန်တော်တို့ ပုဒ်မ ၁၈ နဲ့ ငြိစွန်းခြင်း မရှိပါဘူး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ပြည်သူတွေ ပူးပေါင်း ပါဝင်ဖို့ သမ္မတကြီး ပြောတဲ့အတိုင်း ပြည်သူအနေနဲ့ တတ်နိုင်သလောက် ပါဝင်တာပါ” ဟု ရန်ကုန်- လိုင်ဇာ ငြိမ်းချမ်းရေး လမ်းလျှောက်ခဲ့သည့် ကိုဇင်ကိုက ဆိုသည်။

အဆိုပါ ရန်ကုန်-လိုင်ဇာ ငြိမ်းချမ်းရေး လမ်းလျှောက်ခြင်း ခရီးစဉ်သည် ဆန္ဒထုတ်ဖော်ခြင်း မဟုတ်ဘဲ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပြည်သူ အနေဖြင့် ပါဝင်ခြင်း သက်သက်သာ ဖြစ်ကြောင်းကို ခရီးစဉ် မစတင်မီ ရက်သတ္တတစ်ပတ် အလိုတွင် နိုင်ငံတော်သမ္မတရုံး၊ ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆော်မှု ကော်မတီနှင့် ပြည်ထဲရေး ဝန်ကြီးဌာနသို့ အသိပေးစာ ပေးပို့ကာ ခွင့်ပြုချက် တောင်းခံခဲ့သည့်အပြင် မီဒီယာ များမှတစ်ဆင့် အများပြည်သူသို့ အသိပေးခဲ့ ပါကြောင်း အဆိုပါ လမ်းလျှောက်ခြင်း ခရီးစဉ်တွင် ပါဝင်ခဲ့သဖြင့် မြို့နယ် သုံးမြို့နယ်၏ ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခြင်းကို ခံထားရသူ ကိုဇင်ကိုက ထပ်မံပြောကြားသည်။

“ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေအရ သက်ဆိုင်ရာ မြို့နယ်ရဲစခန်းကို ခွင့်ပြုချက် ကြိုတင် တောင်းခံရမယ်။ အဲဒီဥပဒေကို မကြိုက်ရင် ပြင်ပေါ့၊ ဒါပေမဲ့ နိုင်ငံသားမှန်ရင် နိုင်ငံတော်က ပြဋ္ဌာန်းထားတဲ့ တည်ဆဲဥပဒေကို လေးစားလိုက်နာရမယ်၊ ကျွန်တော်တို့ ရဲတပ်ဖွဲ့ကလည်း တည်ဆဲဥပဒေကို လေးစားတဲ့အတွက် ဥပဒေအရ ပေးအပ်ထားတဲ့ တာဝန်ကို ထမ်းဆောင်တာပဲ ဖြစ်တယ်” ရန်ကုန်တိုင်းဒေသကြီးတွင် တာဝန် ထမ်းဆောင်နေသည့် ဒုရဲမှူးတစ်ဦးက ပြောကြားသည်။

တရားရုံး၏ ဆုံးဖြတ်ချက်ကို လက်ခံရမည် ဖြစ်ပြီး တရားရုံးက စီရင်ချက်မချမီ မှန်သည်။မှားသည် ပြော၍ မရကြောင်း၊ ပုဒ်မ ၁၈ နှင့် ပတ်သက်၍ နိုင်ငံတကာ၏ စီတန်း လှည့်လည်ခြင်း ဥပဒေများကို လေ့လာကာ လွှတ်တော်တွင် တင်ပြ ဆွေးနွေး သွားမည် ဖြစ်ကြောင်း ဥပဒေပညာရှင် ပြည်သူ့ လွှတ်တော်အမတ် ဦးသိန်းညွှန့်က ဆိုသည်။
“ရဲကတော့ ရဲအလုပ် လုပ်မှာပဲ။ နိုင်ငံရေးသမားကလည်း နိုင်ငံရေးအလုပ် လုပ်မှာပဲ။ ဒီအပေါ်မှာ ပုဒ်မ ၁၈ က နိုင်ငံရေးသမားတွေကို နှိပ်ကွပ်တဲ့ ဥပဒေလို ဖြစ်နေတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ရှေ့နောက် မညီဘူး။ ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်တာပဲ။ အခုလို ဖမ်းဆီး အရေးယူတာမျိုးတော့ မလုပ်သင့်ဘူးပေါ့။ တည်ဆဲဥပဒေ ဆိုတာကလည်း တရားမျှတတဲ့ ဥပဒေဖြစ်မှ လိုက်နာမှာပေါ့” ဟု ဝါရင့် တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က မှတ်ချက်ပြုသည်။

လူဦးရေ ၁၀၀ ကျော် ပါဝင်ခဲ့သည့် တစ်လကျော်ကြာ ရန်ကုန်-လိုင်ဇာ ငြိမ်းချမ်းရေး လမ်းလျှောက်ခြင်း ခရီးစဉ်ကို ယခုနှစ် ဇန်နဝါရီ ၂၁ ရက်နေ့တွင် စတင်ခဲ့ခြင်း ဖြစ်ပြီး ခွင့်ပြုချက်မဲ့ လမ်းလျှောက်ခြင်းကြောင့် ရန်ကုန်တိုင်း ဒေသကြီးရှိ မြို့နယ် ၁၂ မြို့နယ်က အဆိုပါ ခရီးစဉ်တွင် ပါဝင်သူ ခုနစ်ဦးကို ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း ကိုဇင်ကို၏ ပြောကြားချက်အရ သိရသည်။

အေးချမ်းမွန် Credit To >The Voice Weekly < Thankhttps://www.facebook.com/excellencemedia

Post a Comment

 
Top