0

Created on Saturday, 30 November 2013 18:33 

မြန်မာပါတီစုံ ဒီမိုကရေစီ အစီအစဉ်နှင့် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာ ရွေးကောက်ပွဲ ကူညီထောက်ပံ့ရေး ဖောင်ဒေးရှင်း (IFES Myanmar) တို့ ပူးပေါင်း၍ နိုင်ငံရေး ပါတီများ၏ ဘဏ္ဍာငွေ ရှာဖွေသုံးစွဲရေး နည်းလမ်းများနှင့် စပ်လျဉ်း၍ အလုပ်ရုံ ဆွေးနွေးပွဲ တစ်ခုကို နိုဝင်ဘာ ၂၈ ရက်မှ ၂၉ ရက်ထိ နှစ်ရက်ကြာ ရန်ကုန်မြို့ရှိ Central Hotel ၌ ပြုလုပ်ခဲ့သည်။

ထိုသို့ ပြုလုပ်ရာတွင် ဆွေးနွေးပွဲ ပထမနေ့၌ လွှတ်တော်တွင်း ရောက်ရှိနေသော နိုင်ငံရေး ပါတီနှင့် ဆွေးနွေးခဲ့ပြီး ဒုတိယနေ့တွင် မှတ်ပုံတင်ပြီးသော လွှတ်တော်ပြင်ပ နိုင်ငံရေး ပါတီများနှင့် ဆွေးနွေးခဲ့ကာ တံခါးပိတ် အစီအစဉ်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံရေး ပါတီများ အနေဖြင့် ပါတီဘဏ္ဍာငွေ ရရှိနိုင်မည့် နည်းလမ်းများ၊ ငွေရေးကြေးရေး မရှိပါက နိုင်ငံရေး လုပ်ငန်းများ ထိထိရောက်ရောက် မလုပ်နိုင်သည့်အတွက် ငွေရေးကြေးရေးသည် အဓိက လိုအပ်ကြောင်း စသည်တို့ကို မြန်မာပါတီစုံ ဒီမိုကရေစီ အစီအစဉ်နှင့် IFES Myanmar တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့ပြီး နိုင်ငံပါတီများမှ အပြန်အလှန် ဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း မွန်ဒီမိုကရေစီ ပါတီဗဟို အလုပ်အမှုဆောင် ဦးမင်းကျော်ဝင်းက ပြောကြားသည်။

"အထူးသဖြင့် ဘဏ္ဍာငွေ ချို့တဲ့တဲ့ နိုင်ငံရေး ပါတီတွေ ရှိတယ်။ အလယ်အလတ် ရှိတယ်။ ဘဏ္ဍာ သိပ်တောင့်တင်းတဲ့ အဖွဲ့အစည်းတွေ ရှိတယ်။ လောလောဆယ်တော့က ဘဏ္ဍာငွေကြေး ချို့တဲ့တဲ့ နိုင်ငံရေး ပါတီများ အနေနဲ့ ဘယ်လိုဘဏ္ဍာငွေကြေး တည်ဆောက်မလဲ။ တရားသောနည်း၊ ဥပဒေနဲ့ ညီတဲ့နည်းနဲ့ အဲဒါတွေကို ဆွေးနွေးတယ်။ နိုင်ငံတကာနဲ့ ပတ်သက်လို့ နိုင်ငံရေး ပါတီများ ဘဏ္ဍာငွေ ရယူသုံးစွဲခြင်း၊ စုဆောင်းခြင်းဆိုတဲ့ ကိစ္စတွေမှာ ကျွမ်းကျင်သူတွေလည်း ပါတယ်။ သူတို့ဆွေးနွေးတာတွေက နေပြီးတော့ ကျွန်တော်တို့က သင်ယူရရှိ လိုက်တာတွေ ရှိပါတယ်" ဟု ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ အတွင်းရေးမှူး ဦးမျိုးညွန့်က ပြောကြားသည်။

ထို့အပြင် ယခင်ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနှင့် နိုင်ငံရေး ပါတီများ တွေ့ဆုံရာတွင် အစည်းအဝေးဆန်သော အစည်းအဝေးများတွင် တွေ့ရသည့်အတွက် လွတ်လွတ်လပ်လပ် ပြောဆိုရမှုမှာ နည်းပါကြောင်း၊ ယခု ဆွေးနွေးပွဲအား ဦးဆောင်ကျင်းပသည့် IFES Myanmar တို့မှ တာဝန်ရှိသူ တစ်ဦးသည် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် ဆက်စပ်၍ လုပ်ငန်းများကို လွန်ခဲ့သည့် နှစ်ပိုင်းအတွင်းကပင် အကူအညီ အကြံဥာဏ်များပေး၍ လုပ်ကိုင်နေသဖြင့် ရွေးကောက်ပွဲ ကော်မရှင်နှင့် ပတ်သက်၍ အကြံများ ပေးနိုင်ကြောင်း ပြောဆိုသဖြင့် အကြံများကို ပွင့်လင်းစွာ တင်ပြနိုင်ခဲ့ကြောင်း ဦးမျိုးညွန့်က ဆက်လက်ပြောကြားသည်။

ယင်းသို့ အလုပ်ရုံ ဆွေးနွေးပွဲများကို မြန်မာပါတီစုံ ဒီမိုကရေစီ အစီအစဉ်နှင့် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာ ရွေးကောက်ပွဲ ကူညီထောက်ပံ့ရေး ဖောင်ဒေးရှင်း (IFES Myanmar) တို့ အဖွဲ့နှစ်ဖွဲ့ အနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၊ နိုင်ငံရေး ပါတီများနှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများအား နိုင်ငံရေးဆိုင်ရာ ဘဏ္ဍာရေး အခက်အခဲများနှင့် ဖြေရှင်းချက်များကို သိရှိရုံ သာမက အခြားနိုင်ငံများ၏ ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှု အတွေ့အကြုံများနှင့် စည်းမျဉ်းစည်းကမ်းများအား အသက်ဝင်စေရန် မည်သို့လုပ်ဆောင် ရမည်နှင့် ပတ်သက်သော ဆွေးနွေးပွဲများ၊ သင်တန်းများကို နိုင်ငံတကာ အတွေ့အကြုံများနှင့် နှိုင်းယှဉ်၍ ကျင်းပပေးရန် ရည်ရွယ်လုပ်ဆောင် နေခြင်းဖြစ်ကြောင်း သိရသည်။

အေးချမ်းမွန် Credit To >Eleven Media Group< Thankhttps://www.facebook.com/excellencemedia

Post a Comment

 
Top