0

Created on Saturday, 30 November 2013 18:27

ပြည်သူ့ဆန္ဒနှင့် ညီညွတ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ထွန်းလာရန် ရည်ရွယ်၍ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့ကွန်ရက်နှင့် လူထုတွေ့ဆုံပွဲကို ယခုနှစ် ဒီဇင်ဘာ ၁ ရက်တွင် ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ မြို့နယ်ခုနစ်ခု၌ တစ်ပြိုင်နက်တည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း အဆိုပါ ကွန်ရက်မှ သတင်းရရှိပါသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ ပြည်သူလူထုမှ သိရှိနားလည်မှု မြင့်မားလာစေရန်၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆွဲသည်ဖြစ်စေ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအသစ် ရေးဆွဲသည်ဖြစ်စေ ပြည်သူလူထုမှ ပိုမိုပူးပေါင်း ဆောင်ရွက်လာစေရန်၊ ပြည်သူဆန္ဒနှင့်အညီ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ မန္တလေး၊ မော်လမြိုင်၊ လွိုင်ကော်၊ ပြည်၊ ပုသိမ်၊ ပဲခူး၊ ကျောက်ဖြူမြို့တို့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

"ခုနစ်မြို့နယ်ဆိုတာက တစ်ရက်နေ့ကို တစ်ပြိုင်တည်းလုပ်ဖို့ လောလောဆယ် နံပါတ်တစ်အဆင့် စီစဉ်ထားတာပါ။ ဒီခုနစ်မြို့နယ်အပြင် နောက်ထပ်မြို့နယ်တွေကို ကွန်ရက်ချိတ်ဆက်မှု အားအလိုက် ကျွန်တော်တို့ ချိတ်ဆက်နိုင်သလောက်အထိ ဆက်လုပ်သွားဦးမှာပါ။ ဥပမာ ကချင်ပြည်နယ် ချင်းပြည်နယ်တွေ အထိပေါ့" ဟု ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့ကွန်ရက် အဖွဲ့ဝင် ဗေဒါအင်စတီကျူ့မှ ဒါရိုက်တာ ဦးဇေယျာဦးက ပြောကြားသည်။

အဆိုပါ မြို့နယ်ခုနစ်မြို့နယ်တွင် လူထုတွေ့ဆုံပွဲ ပြုလုပ်နိုင်ရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများသို့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့ကွန်ရက် (ရန်ကုန်)မှ အကြောင်းကြားစာ ပေးပို့ထားသည်ဟု သိရသည်။

"တစ်ရက်နေ့မှာ မြို့နယ် ခုနစ်မြို့နယ်မှာ တစ်ပြိုင်နက်တည်းဖြစ်အောင် ကြိုးစားနေတယ်။ ကြိုးစားတဲ့နေရာမှာ တချို့နေရာတွေမှာ နည်းနည်းတော့ အခက်အခဲ ရှိနေတယ်။ တစ်ရက်နေ့ကို လုပ်ဖို့နေရာ အချို့လည်း ရှိနေပေမဲ့ လောလောဆယ်အထိ တွန်းနေဆဲပဲ" ဟု ဦးဇေယျာဦးက ဆက်လက်ပြောကြားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့ကွန်ရက်၏ ပထမအကြိမ် လူထုဆွေးနွေးပွဲကို အောက်တိုဘာ ၁၇ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့ပြီး ရှမ်းပြည်နယ် တောင်ကြီးမြို့၌ နိုဝင်ဘာ ၈ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့ကွန်ရက်နှင့် လူထုတွေ့ဆုံမှုများက ရရှိလာသည့် အကြံပြုချက်များကို ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ တင်ပြသွားမည်ဟု အဆိုပါ ကွန်ရက်အဖွဲ့ဝင်များ၏ ပြောကြားချက်အရ သိရသည်။

နိုဝင်ဘာ ၁၈ ရက်တွင် နေပြည်တော်၌ ပြုလုပ်ခဲ့သော NLD ပါတီ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့သဘောထား ရယူပွဲသို့ တက်ရောက်လာသော လူထုအား တွေ့ရစဉ်

အေးချမ်းမွန် Credit To >Eleven Media Group< Thankhttps://www.facebook.com/excellencemedia

Post a Comment

 
Top