0


Created on Tuesday, 03 December 2013 02:37 

မင်းသားကြီး မလုပ်ရသဖြင့် ပတ်မကြီး ထိုးဖောက်သည့် နိမ့်ကျသည့် စိတ်ဓာတ်များကို ဖျောက်ဖျက်ရန် လိုအပ်ကြောင်း နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က ပြောကြားကြောင်း ဒီဇင်ဘာ ၂ ရက်ထုတ် အစိုးရ သတင်းစာတွင် ဖော်ပြထားသည်။ ဒီဇင်ဘာ ၁ ရက်က ဧရာဝတီတိုင်း ဒေသကြီး ငွေဆောင်မြို့နယ်ခွဲမှ ကျောင်းကုန်းမြို့နယ် အောင်မင်္ဂလာ အဆင့်မြင့်စံပြ လယ်ယာဧက ၁၀၀ တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတိုးတက် ဖွံ့ဖြိုးရေး၊ ဒေသဖွံ့ဖြိုး တိုးတက်ရေးများ ဆောင်ရွက်ရာတွင် စည်းလုံးညီညွတ်စွာ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မိမိတို့ လူ့အဖွဲ့အစည်းတွင် စည်းလုံးညီညွတ်မှု အားနည်းခဲ့သည့်အတွက် လွတ်လပ်ရေး ကြိုးပမ်းမှု ကာလကပင် စတင်ပြီး အကွဲအပြဲများ ပေါ်ပေါက်ခဲ့ရသည်ကို တွေ့နိုင်ပါကြောင်း၊ မိမိတို့အနေဖြင့် ပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်း၊ အခြားသူများ၏ အောင်မြင်မှုကို အသိအမှတ် မပြုလိုခြင်း၊ ဘုံအကျိုးစီးပွား အပေါ်တွင် ပူးပေါင်းဆောင်ရွက် ရမည့်အစား ကိုယ်ကျိုးစီးပွားများကို ဦးစားပေးခြင်းစသည့် စိတ်ဓာတ်များကို ပြင်ဆင်ရန် လိုအပ်ကြောင်း၊ မင်းသားကြီး မလုပ်ရသဖြင့် ပတ်မကြီး ထိုးဖောက်သည့် နိမ့်ကျသည့် စိတ်ဓာတ်များကို ဖျောက်ဖျက်ရန် လိုအပ်ကြောင်း သမ္မတဦးသိန်းစိန်က ထည့်သွင်း ပြောကြားခဲ့သည်။

ထိုသို့ ပြောကြားချက်အပေါ် အလုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က ''အစိုးရကိုပဲဖြစ်ဖြစ်၊ လွှတ်တော်ကိုပဲဖြစ်ဖြစ်၊ တရားရေးကိုပဲဖြစ်ဖြစ် အပြုသဘောနဲ့ ဝေဖန်တာမှန်သမျှ အားလုံးကို လက်ခံရမှာ ဖြစ်တယ်။ ဒါပေမဲ့ အပြုသဘော မဆောင်တဲ့ လိုက်ပြီးပြောတာ ဆောင်ရွက်တာကိုတော့ ရှုတ်ချရမှာပေါ့နော်။ နိုင်ငံရေးမှာ အကောင်းလုပ်တာကို အကောင်းမပြောတာတော့ နိုင်ငံရေးမှာရှိတယ်။ ဝေဖန်တိုင်း၊ ပြောတိုင်းတော့ ပတ်မကြီး ထိုးဖောက်တာလို့တော့ ပြောလို့မရပါဘူး။ တိုင်းပြည်ကို ချစ်တဲ့စိတ်နဲ့ ပြောတာ လုပ်တာ မှန်သမျှတော့ အဲလိုမဟုတ်ပါဘူး'' ဟု ပြောကြားသည်။

အေးချမ်းမွန် Credit To >Eleven Media Group < Thankhttps://www.facebook.com/excellencemedia

Post a Comment

 
Top