မိကျောင်းကန် ဆန္ဒပြ ဦးဆောင်သူများနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများ ဒီဇင်ဘာ ၈ ရက် ညနေပိုင်းတွင် အရှေ့ပိုင်းခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် တွေ့ဆုံခဲ့သော်လည်း တိကျသည့်အဖြေ မရှိခဲ့သည့်အပြင် သတ်မှတ်ရက်အတွင်း ဖယ်ရှားမှုများ မပြုလုပ်ပါက ဥပဒေအတိုင်း ဆောင်ရွက်သွားမည်ဟု ၀န်ကြီးချုပ်က ပြောကြားခဲ့ကြောင်း ဆွေးနွေးပွဲတွင် ပါဝင်သူ မနေနွယ်သန်း၏ ပြောပြချက်အရ သိရသည်။
အဆိုပါ ဆွေးနွေးပွဲကို မိကျောင်းကန် ဆန္ဒပြ ဦးဆောင်သူ လေးဦးနှင့် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေ၊ နယ်စပ်ရေးရာရေးနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းတို့ ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး ယင်းနေ့မွန်းလွဲပိုင်းတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်နှင့် ဆန္ဒပြ ဦးဆောင်သူတို့ ဆွေးနွေးပြီးနောက် ထိုသို့ တိုင်းဒေသကြီး အစိုးရဘက်မှ ခေါ်ယူတွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
"ကျွန်မတို့ တွေ့ဆုံခဲ့တဲ့ ရလဒ်ကတော့ အဖြူအမဲ ကွဲပြားမှု မရှိပါဘူး။ ၀န်ကြီးချုပ် ဦးမြင့်ဆွေက သူ့အနေနဲ့ ဒီကိစ္စကို ဆုံးဖြတ်ပိုင်ခွင့် မရှိဘူးလို့ ပြောတယ်။ မြေယာကော်မရှင် အနေနဲ့ ဆုံးဖြတ်ပြီးမှသာ သိရမယ်လို့ ပြောတယ်။ ဆုံးဖြတ်ချက်ကို ဘယ်အချိန် သိရမလဲလို့ ကျွန်မတို့က မေးတယ်။ အဖြူအမဲ သိရရင် သပိတ်စခန်းကို ရုတ်သိမ်းပေးပါ့မယ်လို့ ပြောတော့ ရုပ်သိမ်းတာ၊ မရုပ်သိမ်းတာကို မပြောပါဘူးတဲ့။ မရုပ်သိမ်းရင်တော့ ခင်ဗျားတို့ပဲ ခံရမှာလို့ ပြောတယ်။ ထပ်ပြီးတော့ ဒီလိုသပိတ်စခန်းကို အင်အားသုံး ဖြေရှင်းရင် ကျွန်မတို့ ပြည်သူတွေ သေရမှာလားလို့ ပြောတော့ ၀န်ကြီးချုပ်က တရားဥပဒေ အရတော့ ဆောင်ရွက်ရမှာပဲ။ တပ်ကလာခြံခတ်လို့ ဆန္ဒပြပြည်သူတွေ ထိခိုက်ဒဏ်ရာ ရတာတွေကလည်း တပ်ကဥပဒေအရ ဆောင်ရွက်တာပဲလို့ ၀န်ကြီးချုပ် ဦးမြင့်ဆွေက ပြောပါတယ်" ဟု ဆန္ဒပြဦးဆောင်သူ မနေနွယ်သန်းက ဒီဇင်ဘာ ၈ ရက် ညပိုင်းတွင် ပြောကြားသည်။
မိကျောင်းကန် သပိတ်စခန်းအား ဒီဇင်ဘာ ၉ ရက် ညနေ ၆ နာရီ နောက်ဆုံးထား၍ ဖယ်ရှားရန် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးနှင့် တပ်မြို့စည်ပင်တို့မှ ဒီဇင်ဘာ ၇ ရက် ညပိုင်းက အမိန့်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
သပိတ်စခန်းဖွင့် ဆန္ဒပြသူများအား အမှုဖွင့် အရေးယူမှု ပြုလုပ်မှုများ ရှိသော်လည်း တပ်စည်ပင် ဆိုသူများမှ ဆန္ဒပြသူများကို ထိခိုက်အောင် ပြုလုပ်ခြင်းအား မည်သို့ကြောင့် အရေးယူမှု တစ်စုံတစ်ရာ ပြုလုပ်ခြင်း မရှိလဲဟု မေးမြန်းသည့်အခါ တာဝန်ရှိသူများမှ ထိခိုက်ဒဏ်ရာ ရရှိအောင် ၎င်းတို့အနေဖြင့် အမိန့်ပေးခြင်း မရှိကြောင်းနှင့် အဆိုပါ ကိစ္စကို အထက်သို့ တင်ပြပြီး ဖော်ထုတ်အရေးယူ သွားမည်လို့ ပြောကြားခဲ့ကြောင်း ဆန္ဒပြ ဦးဆောင်သူ မနေနွယ်သန်းက ထပ်မံပြောကြားသည်။
မိကျောင်းကန် မြေယာသပိတ်စခန်း ကိစ္စကို ကူညီဆောင်ရွက်ဖြေရှင်း ပေးပါရန် ဆန္ဒပြသူများမှ တောင်းဆိုမှုကြောင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် အနေဖြင့် ဒီဇင်ဘာ ၈ ရက် မွန်းလွဲပိုင်းတွင် ဆန္ဒပြ ဦးဆောင်သူများနှင့် ဆွေးနွေးခဲ့ပြီး ၎င်းအနေဖြင့် တရားဥပဒေ အကြောင်းအရ လွှတ်တော်နည်းလမ်းဖြင့် တတ်နိုင်သမျှ ကူညီဆောင်ရွက် သွားမည်ဟု ပြောကြားသည်။
"ကျွန်တော့်အနေနဲ့ တရားဥပဒေနဲ့အညီ လွှတ်တော်လမ်းကြောင်းကနေ ဆောင်ရွက်ပေးသွားမယ်။ ဆန္ဒပြ ဦးဆောင်သူတို့နဲ့ ဆွေးနွေးတဲ့အခါ သူတို့ရဲ့ တောင်းဆိုချက်က ခုနစ်ချက် ရရှိတယ်။ အဲ့ဒီထဲကမှ ကျွန်တော်ဆောင်ရွက်ပေးနိုင်တဲ့ အချက်သုံးချက်ကို အတတ်နိုင်ဆုံး ဆောင်ရွက်ပေးမယ်လို့ ပြောခဲ့တယ်" ဟု ဦးသိန်းညွန့်က ဒီဇင်ဘာ ၈ ရက် ညနေ ၄ နာရီတွင် ပြောကြားသည်။
မိကျောင်းကန် ဆန္ဒပြ ဦးဆောင်သူများနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ တွေ့ဆုံပွဲကို မီဒီယာများအား တာဝန်ရှိသူများက ၀င်ရောက်ခွင့် မပြုခဲ့သလို မီဒီယာများလည်း မေးမြန်းခွင့် မရခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် ဆွေးနွေးပြီးနောက် ဆန္ဒပြ ဦးဆောင်သူ တစ်ဦးက မီဒီယာများသို့ ရှင်းလင်းဖြေကြားနေစဉ်
အေးချမ်းမွန် Credit To > Eleven Media Group < Thankhttps://www.facebook.com/excellencemedia

Post a Comment