မဟာအောင်မြေ ကျောင်းတိုက်ကြီးများ သံဃာတော်များကို စည်းကမ်းထိန်းသိမ်းမည်
မန္တလေး၊ ဒီဇင်ဘာ ၉
ရှေးဘုရင်များ တည်ဆောက်ထားသည့် ဘုန်းတော်ကြီးကျောင်း အများစု တည်ရှိရာ မန္တလေးခရိုင် မဟာအောင်မြေ မြို့နယ်အတွင်းရှိ စာသင်သား ရဟန်းသံဃာ သောင်းချီရှိသည့် စာသင်တိုက်ကြီး လေးတိုက်တွင် ဝိနည်းနှင့်မညီသည့် သံဃာတော်များ ကို အရေးယူမည့် စည်းကမ်းထိန်းသိမ်းရေး အဖွဲ့များ ဖွဲ့စည်း၍ စည်းကမ်းထိန်းသိမ်းမည် ဖြစ်ကြောင်း မဟာအောင်မြေမြို့နယ် သံဃနာယက ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္ဒ တိက္ခိန္ဒြိယာဘိဝံသ က မိန့်ကြားသည်။
အဆိုပါမြို့နယ်ရှိ စာသင်တိုက်ကြီး လေးတိုက်မှာ မစိုးရိမ်တိုက်ဟောင်း၊ မစိုးရိမ်တိုက်သစ်၊ မြတောင်ကျောင်းနှင့် မဟာဝိသုဒ္ဓါရုံ ကျောင်းတိုက်ကြီးတို့ ဖြစ်ပြီး စာသင်တိုက် တစ်တိုက်လျှင် စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ဝင် ၃၁ ပါးဖြင့် ဖွဲ့စည်းမည် ဖြစ်ကြောင်း၊ မစိုးရိမ်တိုက်ဟောင်းနှင့် တိုက်သစ်တို့တွင် ဒီဇင်ဘာလ ဒုတိယပတ် ခန့်မှ စတင်ကာ အဆိုပါအဖွဲ့ စတင်ဖွဲ့စည်း နေကြောင်း ဆရာတော်က ထပ်မံမိန့်ကြားသည်။
အဆိုပါ အဖွဲ့က ယင်းကျောင်းတိုက်များ အတွင်း စည်းကမ်းမဲ့နေသည့် ရဟန်း သာမဏေ များကို ထုတ်ပစ်မည်ဖြစ်ပြီး ကျောင်းပြင်ပရှိ သာသနာတော်နှင့် မသင့်လျော်သည့် အလှူခံခြင်း၊ နေ့လွဲညစာ စားခြင်းနှင့် ဒကာ၊ ဒကာမများက မသင့်လျော်သည့် လုပ်ရပ်ကို တိုင်ကြားလာပါက စည်းကမ်းထိန်းသိမ်းရေး အဖွဲ့က ကျောင်းတိုက်ကြီး လေးတိုက် ပတ်ဝန်းကျင်သို့ လှည့်လည် စစ်ဆေးပြီး အပြစ်ရှိပါက မြို့နယ် သံဃနာယကရုံးသို့ ခေါ်ယူ၍ သက်ဆိုင်ရာ ကျောင်းတိုက်ဆရာတော် များထံသို့ ပြန်လည် အပ်နှံခြင်းနှင့် ရာဇဝတ်မှုဆိုင်ရာ ကိစ္စများ ဖြစ်ပွားပါက ရဲစခန်းသို့ ပို့ဆောင်၍ အရေးယူမည့် အစီအစဉ် များလည်း ပါဝင်ကြောင်း ဆရာတော်က မိန့်ဆိုသည်။
အဆိုပါမြို့နယ်ရှိ အခြားကျန်ရှိနေသော ကျောင်းတိုက် နှစ်တိုက်ဖြစ်သည့် မြတောင်ကျောင်းနှင့် မဟာဝိသုဒ္ဓါရုံ ကျောင်းတို့ရှိ ဆရာတော်ကြီးများထံ သြဝါဒ ခံယူသွားပြီး လုပ်ဆောင်သွားရန် အစီအစဉ်များ ရေးဆွဲနေသည့်အပြင် မဟာအောင်မြေမြို့နယ် အတွင်းရှိ စားသောက်ဆိုင်များ ကိုလည်း ဒီဇင်ဘာလ ဒုတိယပတ် ခန့်က သံဃာတော်များ ဘောလုံးပွဲလာရောက် ကြည့်ရှုခြင်းနှင့် နေ့လွဲညစာ လာရောက် စားသုံးလျှင် ပြောဆိုတားဆီးပေးရန် မေတ္တာရပ်ခံ အကြောင်းကြားထား ကြောင်း ဆရာတော်က ထပ်လောင်းမိန့်ကြားသည်။
"ရှေးတုန်းက ဆရာတော်ကြီး တွေလည်း အဲဒါမျိုးတွေ လုပ်ခဲ့ဖူးတယ်။ အခုခေတ်ဘက် ကျတော့ ဝိနည်းနဲ့ မလျော်ညီတဲ့ အပြုအမူတွေ တွေ့လာရတဲ့အတွက် အခုလို ဖွဲ့ရတာပါ" ဟု ဆရာတော်က ထပ်လောင်း မိန့်ဆိုသည်။
မြို့နယ်သံဃနာယက ဆရာတော် ကြီးများ ဦးဆောင်၍ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့များ ဖွဲ့စည်းရန် တိုင်းဒေသကြီး သံဃနာယက ဆရာတော်ဘုရားကြီး ရုံးမှ ၂၀၀၉ ခုနှစ်တွင် ညွှန်ကြား ခဲ့သော်လည်း မြို့နယ်အချို့တွင်သာ စည်းကမ်းထိန်း သိမ်းရေးအဖွဲ့များ တည်တံ့မှု ရှိခဲ့သော်လည်း ဦးဆောင်သူ နည်းပါးသဖြင့် ဆက်လက် အကောင်အထည် မဖော်နိုင်ခဲ့ကြောင်း မြို့ခံ သံဃာတော်များက မိန့်ကြားသည်။
မြို့နယ်စားသောက်ဆိုင် များသို့ သံဃာတော်များအား ကွမ်းယာဆိုင်၊ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင် များမှ အချိန်အခါမဲ့ လက်ခံရောင်းချခြင်း၊ သာသနာတော်နှင့် မသင့်လျော်သော လက်တောက်ခုံကစားခြင်း စသည်တို့ကို လက်ခံ ခွင့်ပြုထားခြင်းမှ ရှောင်ကြဉ်ရန် မဟာအောင်မြေမြို့နယ် သံဃနာယက ဥက္ကဋ္ဌရုံးက မေတ္တာရပ်ခံစာများ ပေးပို့ပြီး သည့်နောက်ပိုင်းတွင် သံဃာတော်များလာ ရောက်ခြင်း မရှိတော့ကြောင်း၊ စည်းကမ်း ထိန်းသိမ်းမှုကို အရှိန်မြှင့်၍ လုပ်ဆောင်သွား စေလိုကြောင်း မဟာအောင်မြေမြို့နယ် ကျောက်ဝိုင်းအတွင်း ဖွင့်လှစ်ထားသည့် ယူနီဆန် လက်ဖက်ရည်ဆိုင် တာဝန်ခံ ဦးဇော်ဦးက ပြောကြားသည်။
မန္တလေးမြို့ပေါ်တွင် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ကို ၂၀၁၃ ခုနှစ် အောက်တိုဘာလ အတွင်းက ဖွဲ့စည်းခဲ့ပြီး ပြီးခဲ့သည့် ၁၀ နှစ်ခန့်က ဖွဲ့စည်းထားသည့် ချမ်းအေးသာစံ မြို့နယ်ရှိ သံဃာတော်များ ပါဝင်သည့် စည်းကမ်းထိန်းသိမ်းရေး အဖွဲ့က ၂၀၁၁ ခုနှစ် မှ ၂၀၁၃ ခုနှစ်အတွင်း ဝိနည်းတော်နှင့် မလျော်ညီသည့် ရဟန်းသံဃာတော်ပေါင်း ၉၁ ပါးကို သက်ဆိုင်ရာ ရဲစခန်းသို့ ပို့ဆောင် အရေးယူခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။
#Aye #Chan #Mon မှ ပြန်လည်မျဝေပါသည်
Credit To:The Voice Weekly
Post a Comment