0


ရန်ကုန်၊ နိုဝင်ဘာ ၁၀

အစ္စလာမ္မစ် နိုင်ငံ ၅၀ ကျော်ဖြင့် ဖွဲ့စည်းထားသည့် အစ္စလာမ္မစ် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (OIC) မှ ကိုယ်စားလှယ်အဖွဲ့ အစိုးရ ဖိတ်ခေါ်မှုဖြင့် မြန်မာနိုင်ငံသို့ ယခုလအတွင်း ရောက်ရှိမည် ဖြစ်ပြီး ပဋိပက္ခ ဖြစ်ပွားခဲ့သည့် ဒေသများသို့ သွားရောက် လေ့လာမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့် ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။

ပဋိပက္ခ ဖြစ်ပွားခဲ့သည့် ဒေသများရှိ လူ့အဖွဲ့အစည်း နှစ်ခုနှင့် တွေ့ဆုံ ရန်၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များကို လေ့လာရန် သွားရောက်မည် ဖြစ်ကြောင်း၊ သို့သော်လည်း မြန်မာနိုင်ငံသို့ OIC ကိုယ်စားလှယ်အဖွဲ့ လာရောက်မည့် နေ့ရက်နှင့် သွားရောက်မည့် နေရာများကို အသေအချာ ပြောဆို၍ မရသေးကြောင်း ၎င်းကဆိုသည်။
“အိုအိုင်စီက အရင်တုန်းက ဖြစ်စဉ်တွေမှာ တကယ် ဖြစ်နေတာကို မသိဘဲ အပြင်က ပြောနေတာတွေ ရှိတယ်။ တကယ်အဖြစ်မှန် လာလေ့လာ ခိုင်းတာပါ” ဟု ဦးရဲထွဋ်က ပြောဆိုသည်။

သို့သော်လည်း ယခု ခရီးစဉ်တွင် မြန်မာနိုင်ငံ၌ OIC ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ရေးကိစ္စ မပါဝင်ကြောင်း ၎င်းက ထပ်မံပြောဆိုသည်။

ရိုဟင်ဂျာ မွတ်ဆလင် (OIC တိုက်ရိုက် အသုံးအနှုန်း) အခွင့်အရေးကို အသိအမှတ် ပြုပေးရန် OIC ၏ အထွေထွေ အတွင်းရေးမှူးချုပ်နှင့် အဆိုပါ အဖွဲ့ဝင် နိုင်ငံများမှ နိုင်ငံခြားရေး ဝန်ကြီများ ပါဝင်သည့် ဆက်ဆံရေးအဖွဲ့ နိုဝင်ဘာလလယ်တွင် မြန်မာနိုင်ငံသို့ ပထမဆုံး ခရီးစဉ်အဖြစ် လာရောက်မည် ဖြစ်ကြောင်း OIC က ထုတ်ပြန်ထားသည်။

ရိုဟင်ဂျာ မွတ်ဆလင်များနှင့် ပတ်သက်၍ အချက်အလက်များကို ကောက်ယူရန် OIC ၏ လွတ်လပ်သည့် လူ့အခွင့်အရေးဆိုင်ရာ အမြဲတမ်း ကော်မရှင် (IPHRC) မှ ကိုယ်ပိုင် အဖွဲ့တစ်ဖွဲ့ မြန်မာနိုင်ငံသို့ စေလွှတ်သွားမည် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းအပြင် ဗုဒ္ဓဘာသာနှင့် မွတ်ဆလင် ဘာသာရေး ခေါင်းဆောင်များ ပါဝင်သည့် ဘာသာပေါင်းစုံ ဆွေးနွေးပွဲ ကျင်းပရန် စီစဉ်သွားမည် ဖြစ်ကြောင်း OIC ထံမှ သိရှိရသည်။

OIC ကိုယ်စားလှယ်အဖွဲ့ နိုဝင်ဘာ လလယ်တွင် ရခိုင်ပြည်နယ်သို့ လာရောက်မည်ဟု သတင်း ရရှိထားသဖြင့် ရခိုင်ပြည်နယ်လုံး အတိုင်းအတာ ဆန္ဒပြရန် ဆုံးဖြတ်ထားကြောင်း စစ်တွေမြို့နယ် စည်းကမ်း ထိန်းသိမ်းရေးနှင့် ကူညီ စောင့်ရှောက်ရေး ရဟန်းတော်များ အဖွဲ့မှ အဖွဲ့ဝင် ဆရာတော် ဦးပညာသာမိက မိန့်ကြားသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် နိုဝင်ဘာလ ၅ ရက်နေ့က ရခိုင်လူမှုကွန်ရက် (စစ်တွေ) က ဦးဆောင်ကာ ပြုလုပ်သည့် ဆွေးနွေးပွဲတွင် OIC အဖွဲ့သည် ရခိုင်ပြည်နယ် စစ်တွေ၊ မောင်တော၊ ဘူးသီးတောင် မြို့များသို့ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် လာရောက်မည့် သတင်းများ ထွက်ပေါ်နေသဖြင့် ယင်းသို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
“OIC မြန်မာနိုင်ငံကို ဝင်လာမှာကို ရခိုင်လူမျိုးတွေက ကြောက်လန့် စိုးရိမ်နေတယ်။ ဒါတွေကို ထုတ်ဖော် ဆွေးနွေးခဲ့ကြတယ်။ ဘယ်လို ကာကွယ်မလဲ ဆိုတာကို ဆွေးနွေးတာပါ” ဟု ဦးပညာသာမိက ထပ်မံ မိန့်ကြားသည်။

Organisation of Islamic Cooperation (OIC) သည် ရန်ကုန် မြို့တော်နှင့် ရခိုင် ပြည်နယ်တို့တွင် ရုံးစိုက်မည်ဟု သတင်းများ ထွက်ပေါ်ခဲ့သဖြင့် မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းက ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ရာ နိုင်ငံတော်သမ္မတကလည်း OIC ကို မြန်မာနိုင်ငံတွင် ရုံးစိုက်ခွင့်ပြုမည် မဟုတ်ကြောင်း ပြောဆိုခဲ့သည်။

OIC ကို အစ္စလာမ်နိုင်ငံ ၅၇ နိုင်ငံဖြင့် ၁၉၆၉ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။

အေးချမ်းမွန် Credit To >The Voice Weeklyhttps://www.facebook.com/excellencemedia

Post a Comment

 
Top