ရန်ကုန်၊ နိုဝင်ဘာ ၁၀
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား နိုင်ငံလုံးအဆင့် အပစ်အခတ် ရပ်စဲရေး စာချုပ် မချုပ်ဆိုမီ နိုင်ငံရေးဆိုင်ရာ အကြိုဆွေးနွေးမှုများ ပြုလုပ်ရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အသီးသီးနှင့် နိုင်ငံရေးပါတီများ ချင်းမိုင်မြို့တွင် တွေ့ဆုံရန် စီစဉ်နေကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။
ဘားအံမြို့၌ ဒီဇင်ဘာလအတွင်း အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ဒုတိယအကြိမ် တွေ့ဆုံပွဲ မတိုင်မီ အဆိုပါ ချင်းမိုင် ဆွေးနွေးပွဲကို ပြုလုပ်သွားမည် ဖြစ်ပြီး နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ လိုက်ပါရန် ဖိတ်ခေါ်ကြောင်း နိုဝင်ဘာလ ၁၀ ရက်နေ့က မြန်မာငြိမ်းချမ်းရေး စင်တာ၌ ပြုလုပ်သည့် အစိုးရနှင့် နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ ပုံမှန် တွေ့ဆုံပွဲတွင် ဦးအောင်မင်းက ပြောဆိုသည်။
“တချို့ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေက ဒီကိုလာဖို့ အခက်အခဲ ရှိတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးကိစ္စ ပါတီတွေနဲ့လည်း ဆွေးနွေးလို့ရအောင် ချင်းမိုင်ကို သွားနိုင်ဖို့ အစိုးရက စီစဉ်တာ” ဟု မြန်မာ ငြိမ်းချမ်းရေး စင်တာမှ အကြီးတန်း အကြံပေး ဦးလှမောင်ရွှေက ဆိုသည်။
တိုင်းရင်းသား လက်နက်ကိုင်များနှင့် တွေ့ဆုံနိုင်ရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက အမြဲဆန္ဒ ရှိခဲ့ပြီး ဥပဒေ အတားအဆီးကြောင့် မတွေ့ဆုံနိုင်ခဲ့ကြောင်း၊ ယခု ချင်းမိုင်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် နိုင်ငံရေးပါတီများ တွေ့ဆုံမည့် အစိုးရ အစီအစဉ်ကို ကြိုဆိုကြောင်း NLD ပါတီ အတွင်းရေးမှူး ဦးဉာဏ်ဝင်းက ပြောကြားသည်။
“အဲဒီအဖွဲ့တွေ့နဲ့ အရင်ကတည်းက တွေ့ချင်တာ၊ ဥပဒေအရ ဆက်သွယ်ခွင့် မရှိဘူး” ဟု ၎င်းက ဆိုသည်။
တိုင်းရင်းသား လက်နက်ကိုင်များနှင့် ယခင်ကလည်း တွေ့ဆုံမှုများ ရှိခဲ့ပြီး အစိုးရက ယခုကဲ့သို့ စီစဉ်ခြင်းမှာ ငြိမ်းချမ်းရေးအတွက် များစွာ အထောက်အကူ ဖြစ်ကြောင်း ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဦးလှစောက မှတ်ချက်ပြုသည်။
နိုင်ငံလုံးအဆင့် အပစ်အခတ် ရပ်စဲရေး စာချုပ် မချုပ်ဆိုမီ နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ အခြေခံမူဘောင်များကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့က ကြိုတင် သတ်မှတ်လိုနေပြီး ယင်းသို့ သတ်မှတ်ရေးမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် တပ်မတော်တို့အကြား သီးသန့် ဆောင်ရွက်၍ မရဘဲ နိုင်ငံရေး ပါတီများလည်း ပါဝင်ရန် လိုအပ်ကြောင်း ဦးလှမောင်ရွှေက ရှင်းပြသည်။
ပြည်တွင်း ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အစိုးရတို့အကြား နိုင်ငံလုံးအဆင့် အပစ်အခတ် ရပ်စဲရေး ပြုလုပ်ရန်နှင့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပရန် KNU နယ်မြေနှင့် ဘားအံမြို့များတွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဒီဇင်ဘာလ အတွင်း ပြုလုပ်မည် ဖြစ်သည်။
အေးချမ်းမွန် Credit To >The Voice Weekly
Post a Comment