Created on Monday, 25 November 2013 01:38
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်ဆောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ စုပေါင်းဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တို့ ယနေ့ (နိုဝင်ဘာ ၂၅ ရက်) တွင် ရန်ကုန်မြို့၌ တွေ့ဆုံမည်ဖြစ်ကြောင်း UNFC အဖွဲ့ထံမှ သိရသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နှင့် UNFC ခေါင်းဆောင်များ တွေ့ဆုံမည့် သတင်းအား UNFC မှ ဦးထွန်းဇော်က အတည်ပြုပေးခဲ့ပြီး UNFC ခေါင်းဆောင်များ၏ ရန်ကုန်ခရီးစဉ်တွင် ပြုလုပ်မည့် အစီအစဉ်များအား သတင်းထောက်များအား ရှင်းပြပါသည်။
"မနက်ဖြန် ညနေပိုင်းမှာ တွေ့ဖြစ်မယ်။ သုံးနာရီ နောက်ပိုင်းမှပါ။ ဘယ်မှာတွေ့မယ် ဆိုတာကိုတော့ မပြောတတ်သေးဘူး။ ကျွန်တော်တို့ ဒီကိုရောက်တုန်း တွေ့ချင်တာပေါ့" ဟု ဦးထွန်းဇော်မှ နိုဝင်ဘာ ၂၄ ရက်က ရန်ကုန်မြို့ အင်းယားလိတ် ဟိုတယ်တွင် ပြုလုပ်သည့် UNFC ခေါင်းဆောင်များ၏ သတင်းရှင်းလင်းပွဲ အပြီးတွင် ပြောကြားသည်။
ထို့ပြင် နိုဝင်ဘာ ၂၅ ရက်၌ပင် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) နှင့် ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း (NBF) တို့နှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။
နိုဝင်ဘာ ၂၃ ရက်က ရန်ကုန်မြို့သို့ ရောက်ရှိလာသော UNFC ခေါင်းဆောင်များသည် နိုဝင်ဘာ ၂၄ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် Myanmar Peace Center ၌ အလွတ်သဘော တွေ့ဆုံခဲ့ရာ ၀န်ကြီးဦးအောင်မင်းက UNFC ခေါင်းဆောင်များအနေဖြင့် လွတ်လွတ်လပ်လပ် ကြိုက်သည့်နေရာသို့ သွားနိုင်ပြီး မည်သူနှင့်မဆို မည်သည့်ပါတီနှင့်မဆို တွေ့ဆုံနိုင်သည်ဟု ပြောကြားသည်။
မွန်းလွဲပိုင်းနှင့် ညနေပိုင်းတို့တွင် မီဒီယာများနှင့် တွေ့ဆုံခြင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံခြင်း၊ တိုင်းရင်းသား လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အင်းယားလိတ် ဟိုတယ်တွင် ပြုလုပ်သည့် UNFC ခေါင်းဆောင်များ၏ သတင်းစာ ရှင်းလင်းပွဲအား တွေ့ရစဉ်
အေးချမ်းမွန် Credit To >Eleven Media Group

Post a Comment