0


ရန်ကုန်၊ နိုဝင်ဘာ ၂၀

အရေအတွက် အကန့်အသတ်ဖြင့် လစဉ် ခွဲဝေ ရောင်းချနေသည့် ကျပ် ၁၅၀၀ တန် GSM/WCDMA ဆင်းမ်ကတ်များကို နိုဝင်ဘာလအတွက် ရန်ကုန်တိုင်း ဒေသကြီး ခွဲတမ်း အရေအတွက်ကို ထပ်မံ တိုးမြှင့်ထားကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း (MPT) ထံမှ သိရသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွက် အောက်တိုဘာလတွင် GSM/WCDMA ဆင်းမ်ကတ် ၇၁၀၀၀ ရောင်းချခဲ့ပြီး ယခုလ ခွဲတမ်း၌ ဆင်းမ်ကတ် ကိုးထောင် တိုးမြှင့်ကာ စုစုပေါင်း ဆင်းမ်ကတ် ၈၀၀၀၀ အထိ ရောင်းချသွားမည် ဖြစ်ကြောင်း MPT က ထုတ်ပြန်သည်။

“ဆီးဂိမ်းနီးတော့ အဓိကမြို့ကြီး သုံးမြို့မှာ လိုင်းတွေ ထပ်ချဲ့ထားလို့ တိုးပေးနိုင်တာပါ။ ရန်ကုန်နဲ့ မန္တလေးကို အရင်လ ထက်ခွဲတမ်း ၉၀၀၀ တိုးချတယ်” ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း တာဝန်ခံ အင်ဂျင်နီယာတစ်ဦးက ဆိုသည်။

ဆီးဂိမ်းအမီ ဂျပန်နိုင်ငံ၏ အကူအညီဖြင့် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် မြို့ကြီးများတွင် မိုဘိုင်းလ်ကွန်ရက် ထပ်ချဲ့ခြင်း၊ အရေးပေါ် ဆက်သွယ်ရေး ကွန်ရက် တည်ဆောက်နေကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

မန္တလေးတိုင်း ဒေသကြီးအတွက် အောက်တိုဘာလ၌ GSM/WCDMA ဆင်းမ်ကတ် ၄၁၀၀၀ ရောင်းချခဲ့ပြီး ယခုလ အတွက် ဆင်းမ်ကတ် ၅၀၀၀၀ အထိ တိုးမြှင့်ချထားခြင်း ဖြစ်သည်။

သို့သော် နိုဝင်ဘာလအတွက် မိုဘိုင်းလ်ဆင်းကတ် ခွဲတမ်းတွင် ကယား ပြည်နယ်အတွက် အရေအတွက် ထပ်လျှော့ထားပြီး WCDMA ဆင်းမ်ကတ် ၅၀၀ သာ ရောင်းချမည် ဖြစ်ကြောင်း၊ အောက်တိုဘာလက ဆင်းမ်ကတ် ၇၀၀ ရောင်းချသော်လည်း မိုဘိုင်းလ်ကွန်ရက် တည်ဆောက်ပြီးစီးမှုနှင့် လူဦးရေအပေါ် အခြေခံ၍ အရေအတွက် အတိုးအလျှော့ ပြုလုပ်ရကြောင်း MPT မှ တိုင်းဒေသကြီး တာဝန်ခံအင်ဂျင်နီယာ တစ်ဦးက ရှင်းပြသည်။

GSM/WCDMA နိုဝင်ဘာခွဲတမ်း အဖြစ် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ GSM ဆင်းမ်ကတ် ၂၅၁၁၀၀ နှင့် WCDMA ဆင်းမ်ကတ် ၁၀၈၉၀၀ စုစုပေါင်း ဆင်းမ်ကတ် သုံးသိန်းခြောက်သောင်းကို ယခုလ ၂၃ ရက်နေ့ နောက်ပိုင်းတွင် ခွဲဝေ ရောင်းချမည် ဖြစ်ကြောင်း MPT က ထုတ်ပြန်သည်။

အေးချမ်းမွန် Credit To > The Voice Weekly https://www.facebook.com/excellencemedia

Post a Comment

 
Top