0


ရန်ကုန်၊ နိုဝင်ဘာ ၂၀

မြန်မာနိုင်ငံအတွင်း လက်ရှိ အသုံးပြုနေသော ပြည်တွင်း လေဆိပ် ၃၀ ကို ပုဂ္ဂလိက ကုမ္ပဏီများအား လုပ်ကိုင်ခွင့် ပေးသွားမည် ဖြစ်ကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ပြုလုပ်သော ပြည်တွင်း လေဆိပ်များတွင် ပုဂ္ဂလိက အခန်းကဏ္ဍ ပါဝင်နိုင်ရန် ဖိတ်ကြား ရှင်းလင်းပွဲတွင် တရားဝင် ကြေညာသည်။

မြို့ပြ လေကြောင်း လုပ်ငန်းတွင် ပုဂ္ဂလိက အခန်းကဏ္ဍ မြင့်မားလာစေရန်၊ ဝန်ဆောင်မှု ပိုမို ကောင်းမွန်စေရန်၊ အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ထွန်းစေရန်၊ နည်းပညာ အဆင့်မြင့်စေရန်နှင့် နိုင်ငံတော် အစိုးရ ဘဏ္ဍာရေး အသုံးစရိတ် လျှော့ချနိုင်ရန် ရည်ရွယ်ကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်းက ဆိုသည်။

နိုင်ငံသား လုပ်ငန်းရှင်များကို ဦးစားပေး၍ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပါဝင်နိုင်သော်လည်း ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံခွင့် ပြုမည် မဟုတ်ဘဲ သက်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ဥပဒေအတိုင်း လိုက်နာရမည် ဖြစ်ပြီး စိတ်ပါဝင်စားသည့် ကုမ္ပဏီ၊ အဖွဲ့အစည်းများ အနေနှင့် လေဆိပ်အလိုက် တည်ဆောက်ရေး လုပ်ငန်း၊ ဝန်ဆောင်မှု လုပ်ငန်း၊ အခြားလုပ်ငန်းများ စသည်ဖြင့် ဆောင်ရွက်လိုသည့် လုပ်ငန်း အမျိုးအစား များကို ဖော်ပြ၍ Registry Of Interest ကို လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနသို့ ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ နောက်ဆုံးထား ပေးပို့နိုင်ကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ထံမှ သိရသည်။

လေဆိပ်တစ်ခုလုံး လွှဲပြောင်း လုပ်ကိုင်ခွင့် ပြုသည့် နည်းလမ်းကို ဦးစားပေးမည် ဖြစ်ပြီး လုပ်ငန်း လုပ်ကိုင် ခွင့်ပြုမှုကို တင်ဒါ စနစ်ဖြင့် ရွေးချယ် ဆောင်ရွက်မည် ဖြစ်ကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်းက ဆိုသည်။

မြန်မာနိုင်ငံတွင် လေဆိပ် ၆၉ ခု ရှိသည့်အနက် လက်ရှိတွင် အပြည်ပြည်ဆိုင်ရာ လေဆိပ်သုံးခု အပါအဝင် စုစုပေါင်း လေဆိပ် ၃၃ ခုတွင် လေယာဉ်များ ဆင်းသက် သွားလာလျက် ရှိကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်သည်။

အေးချမ်းမွန် Credit To >The Voice Weekly https://www.facebook.com/excellencemedia

Post a Comment

 
Top