0



ယခုအစိုးရ လက်ထက်၌ပင် စက်မှုဝန်ကြီးဌာန စီမံခန့်ခွဲပိုင်ခွင့် အောက်ရှိ အများပြည်သူပိုင် မြေကွက်၊ လုပ်ငန်း၊ စက်ရုံများအား ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ ငှားရမ်းရာတွင် ယခင် ပြည်ထောင်စု ၀န်ကြီးနှင့် ယခု ပြည်ထောင်စု ၀န်ကြီးလက်ထက် ငှားရမ်းခ သတ်မှတ်ရာ၌ ယခင်ပြည်ထောင်စုဝန်ကြီး လက်ထက်က စံနှုန်းသတ်မှတ်ချက် မရှိဘဲ ငှားရမ်းခဲ့၍ ငှားခ အချို့မှာ ရသင့်သည်ထက် ငါးဆနီးပါး လျှော့နည်း ရရှိသည့်အတွက် ပြည်သူ့ဘဏ္ဍာငွေ များစွာနစ်နာ ဆုံးရှုံးခဲ့ရသည်ဟု သိရသည်။
စက်မှု ၀န်ကြီးဌာန၏ ယခင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း လက်ထက်က ပြည်သူပိုင် စက်ရုံ၊ မြေကွက်အချို့ကို ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ တင်ဒါမခေါ်ဘဲ ငှားရမ်းခဲ့သည့် ငှားရမ်းခများနှင့် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနောက်ပိုင်း ၀န်ကြီးများ လက်ထက်တွင် တင်ဒါခေါ်ယူပြီးမှ ငှားရမ်းခဲ့သည့် ငှားရမ်းခများ ကွာဟကာ နစ်နာခဲ့ရခြင်းဖြစ်ကြောင်း စုံစမ်းသိရှိ ရသည်။
ဥပမာအားဖြင့် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း လက်ထက်က စစ်တောင်းစက္ကူ စက်ရုံအား ရွှေသံလွင် ဟိုင်းဝေးကုမ္ပဏီသို့ နှစ်ရှည်ငှားရမ်းရာတွင် ငှားရမ်းခအဖြစ် တစ်နှစ်ကျပ် ၂၁၆ သန်းသာ ရရှိခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနောက်ပိုင်း တာဝန်ယူသည့် ပြည်ထောင်စု ၀န်ကြီးများ လက်ထက်တွင် ရေနီစက္ကူစက်ရုံအား တင်ဒါခေါ်ယူပြီး ငှားရမ်းရာတွင် တစ်နှစ်ကျပ်သန်း ၉၅၀ အထိ ရရှိခဲ့ကြောင်း၊ အဆိုပါ ငှားရမ်းခ နှစ်ခုကို နှိုင်းယှဉ်ကြည့်ပါက ယခင်ဝန်ကြီးနှင့် ယခုဝန်ကြီးများ လက်ထက် ငှားရမ်းခနှုန်းထား များစွာကွာဟ၍ ပြည်သူ့ဘဏ္ဍာငွေ များစွာနစ်နာခဲ့ကြောင်း သိရသည်။
စစ်တောင်းနှင့် ရေနီစက္ကူစက်ရုံ နှစ်ရုံ မတူညီသော်လည်း စစ်တောင်းစက္ကူ စက်ရုံနှင့် စက်ရုံပိုင် မြေများကို ရေနီစက္ကူ စက်ရုံကဲ့သို့ တင်ဒါခေါ်ယူကာ ငှားရမ်းခဲ့ပါက ၂၁၆ သန်းထက် များစွာပိုရမည်မှာ မလွဲမသွေ ဖြစ်သည်ဟုလည်း လုပ်ငန်းရှင်များက ဆိုသည်။
၎င်းအပြင် ရွှေသံလွင်မှ တစ်နှစ် ကျပ် ၂၁၆ သန်းဖြင့် ငှားရမ်းစဉ်က ခုနစ်လစာ ငှားရမ်းခကို ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း လက်ထက်က ကင်းလွတ်ခွင့် ပေးခဲ့သည့်အတွက် နစ်နာခဲ့ရသော်လည်း နောက်ပိုင်းပြည်ထောင်စု ၀န်ကြီးများ လက်ထက်တွင် အလုံးစုံ ကင်းလွတ်ခွင့် မပြုခဲ့ကြောင်း (စုံစမ်းသိရသည့် အချက်အရသာ)၊ ထို့အတွက် ပြည်သူ့ဘဏ္ဍာငွေ နစ်နာစေမည့် ကင်းလွတ်ခွင့်ပေးသည့် အပိုင်းတွင်လည်း ၀န်ကြီးတစ်ဦးနှင့် တစ်ဦးကြား ကွာခြားကြောင်း သိရသည်။
၂၃၇ ဧကကျော် ကျယ်ဝန်းသည့် တညင်းကုန်း အုတ်စက်ရုံကိုလည်း Mother Industrial (Mother Trading နှင့် ကုမ္ပဏီ တူညီသည်ဟု သိရ) ကုမ္ပဏီသို့ တစ်နှစ်လျှင် ကျပ်သန်း ၂၂၀ ၀န်းကျင်တည်းဖြင့် စာချုပ်ငှားရမ်းခဲ့ကြောင်း၊ တစ်ဧကလျှင် တစ်လငှားရမ်းခနှုန်းမှာ ကျပ် ၇၄၀၀၀ သာ ရခဲ့ကြောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနောက်ပိုင်း တာဝန်ယူခဲ့သော ပြည်ထောင်စု ၀န်ကြီးများ လက်ထက်၌ Mother Industrial ကုမ္ပဏီနှင့် ပြန်လည်ပြင်ဆင် စာချုပ်ရန် စီစဉ်ရာတွင် ၂၃၇ ဧကထဲမှ ဧက ၉၀ ကျော်တည်းကိုပင် တစ်နှစ်လျှင် ကျပ် သန်း ၃၂၀ ၀န်းကျင်အထိ ဈေးသတ်မှတ် ချုပ်ဆိုရန် စီစဉ်ခဲ့ကြကြောင်း (ပြန်ပြင်ချုပ်ဆိုမှုကို ထုတ်ပြန်ခြင်းမပြု)၊ ထို့အတွက် စာချုပ်ပြင်ချုပ်ရန် စီစဉ်ခဲ့သည့် ဈေးအရ ယခင်ဝန်ကြီး လက်ထက်ကထက် လေးဆကျော်အထိ ပိုမိုမြင့်တက် ခဲ့သည်ဟု သိရသည်။
တညင်းကုန်း အုတ်စက်ရုံနှင့် ဆက်စပ်မြေပေါ်တွင် တည်ဆောက်ထားပြီး လမ်းမကြီးပေါ်တွင် ရှိသော တစ်ခန်းလျှင် ၃၆ x ၁၂ ပေ ကျယ်ဝန်းသည့် ဆိုင်ခန်းအခန်း ၂၀ ကိုလည်း တစ်ခန်းလျှင် ကျပ် ၃၃၀၀၀၀ ကျော်တည်းဖြင့် စာချုပ်ကာ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း လက်ထက်က Mother Industrial သို့ပင် လွှဲပြောင်းရောင်းချခဲ့ရာ ကာလပေါက်ဈေးထက် များစွာနည်းပါး၍ ပြည်သူ့ဘဏ္ဍာငွေ ကျပ်သိန်းပေါင်းများစွာ နစ်နာခဲ့သည်။ (စာချုပ်ပြန်ပြင်ချုပ် မချုပ် မထုတ်ပြန်)။
၎င်းအပြင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း လက်ထက်က ၂၄ ဧကကျော် ကျယ်ဝန်းသည့် သစ်ဆိမ့်ဆီ အလုပ်ရုံကို စိန်ရွှေထိပ်တန်း ကုမ္ပဏီသို့ တစ်နှစ်ကျပ် ၂၁ သန်းကျော်တည်းဖြင့် လည်းကောင်း၊ ရန်ကုန် ကျိုက်ဝိုင်းရှိ ၂ ဒသမ ၄ ဧကကျော် ကျယ်ဝန်းသည့် သံထည်သစ်သားထည် အလုပ်ရုံကိုလည်း Mother Trading ကုမ္ပဏီသို့ တစ်နှစ်ကျပ် ၁၈ သန်းဖြင့် လည်းကောင်း၊ ပလတ်စတစ် စက်ရုံအမှတ် (၁) (မရမ်းကုန်း၊ မှော်ဘီတို့တွင်ရှိသော စက်ရုံခွဲများပါ အပါအ၀င်) ကို Mother Trading ကုမ္ပဏီသို့ တစ်နှစ်လျှင် ကျပ်သန်း ၂၉၀ တည်းဖြင့်လည်းကောင်း ငှားရမ်းခွင့် ပေးခဲ့ခြင်းများကို ကာလပေါက်ဈေးဖြင့် ဖြစ်စေ၊ ယခုနောက်ပိုင်း ပြည်ထောင်စု ၀န်ကြီးများ တင်ဒါခေါ် ငှားရမ်းသည့် စက်ရုံငှားခ ဈေးများဖြင့်ဖြစ်စေ နှိုင်းယှဉ်လျှင်လည်း ယခင်လက်ထက်က ရရှိသည့် ငှားရမ်းခမှာ များစွာနည်းပါးနေကြောင်း သိရသည်။
ယခုနောက်ပိုင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးများ လက်ထက်တွင်မူ ၁ ဧက ၀န်းကျင်သာ ကျယ်ဝန်းသည့် လှိုင်မြို့နယ်ရှိ LED မီးသီးစက်ရုံ တစ်ရုံတည်း ငှားရမ်းခသည်ပင် တစ်နှစ် ကျပ် ၄၃၂ သန်း၊ မြစ်သားနှင့် ပျော်ဘွယ်အထည်စက်ရုံ နှစ်ရုံငှားရမ်းခမှာလည်း တစ်နှစ် ကျပ် ၉၁၄ သန်းကျော်အထိ ရရှိခဲ့ကြရာ ယခင်ဝန်ကြီး လက်ထက်က ငှားရမ်းခထက် များစွာပိုမို ရရှိလာသည်မှာ ထင်ရှားသည်။
စက်မှုဝန်ကြီးဌာန တစ်ခုတည်း၌ပင် ၀န်ကြီးတစ်ဦးနှင့် တစ်ဦးကြား ငှားရမ်းရောင်းချသည့် ဈေးများမတူညီခဲ့၍ ပြည်သူပိုင်မြေကွက်၊ လုပ်ငန်း၊ စက်ရုံများမှ ပြည်သူများအတွက် ပြန်ရမည့် ဘဏ္ဍာငွေ များစွာဆုံးရှုံး နစ်နာခဲ့မှု ရှိရာ ၀န်ကြီးဌာနများ အားလုံးဆိုလျှင် ပြည်သူ့ဘဏ္ဍာ မည်မျှနစ်နာမည်ကို တွက်ဆနိုင်ကြောင်း၊ နစ်နာမှု ရှိနေသည့် စာချုပ်များကိုလည်း ပြန်လည်ပြင်ဆင် ချုပ်ဆိုသင့်ကြောင်း၊ သို့မှသာ အများပြည်သူအတွက် ပြန်လည်အသုံးချမည့် ဘဏ္ဍာငွေ ပိုမိုရရှိမည် ဖြစ်ကြောင်းလည်း သုံးသပ်မှုများ ရှိသည်။

ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းလက်ထက် တာဝန်ယူစဉ်က စာချုပ်ငှားရမ်းခဲ့သည့် စက်ရုံအချို့နှင့် ငှားရမ်းခ (ကျပ်သန်း)
စက်ရုံအမည် ငှားရမ်းခွင့်ရသူ တစ်နှစ်ငှားရမ်းခ
စစ်တောင်းစက္ကူစက်ရုံ ရွှေသံလွင်ကုမ္ပဏီ ၂၁၆
ပလပ်စတစ်စက်ရုံအမှတ်(၁) Mother Trading ၂၉၀
မရမ်းကုန်၊ မှော်ဘီစက်ရုံခွဲများပါ ပါဝင်
ဖော့ကန်ဆိပ်ကမ်းမြေ(၂၃.၂၉၀ ဧက) Mother Trading ၈၂.၉၄
တညင်းကုန်းအုတ်စက်ရုံ(၂၃၇ ဧက) Mother Industrial ၂၂၀ ၀န်းကျင်
အုတ်စက်ရုံမြေရှိ ၃၆x၁၂ ပေကျယ် Mother Industrial ၆.၇၃၃
ဆိုင်ခန်း အခန်း(၂၀)(တစ်ခန်းလျှင် ၃၃၆၆၅၃ ကျပ်ဖြင့် အပြတ်ရောင်း)
သံထည်သစ်ထားထည်(ကျိုက်ဝိုင်း၂.၄ဧက) Mother Trading ၁၈
သစ်ဆိမ့်ဆီအလုပ်ရုံ(ဆိပ်ဖြူ) စိန်ရွှေထိပ်တန်း ၂၁.၆
ခရမ့်ရော်ဘာစက်ရုံ Supreme White Gold ၈၂.၈၂၈
ဆပ်ပြာစက်ရုံ(မန္တလေး) တော်ဝင်ဟိန်း ၁၂၀
ဆပ်ပြာစက်ရုံ(မကွေး) စိန်ရွှေထိပ်တန်း ၁၀၈
ဆပ်ပြာစက်ရုံ(ရမည်းသင်း) Green Myanmar Dragon ၁၀၈
ဖိနပ်စက်ရုံ(ကျောက်ဆည်) Reva Co.,Ltd ၆၀
ဖိနပ်စက်ရုံ(ဖော့ကန်) Reva Co.,Ltd ၆၀
မကွေးအချိုရည်နှင့်ရေခဲစက်ရုံ ဂရိတ်မြန်မာ ၁၈
ဒိုက်ဦးကော်မှုန့်စက်ရုံ Fortune International ၁၂၀
စကျင်ကျောက်ပြားစက်ရုံ(မတ္တရာ) First Pacific ၄၈
ဓာတုဗေဒပစ္စည်းစက်ရုံ(လှိုင်) ကျော်သာကုမ္ပဏီ ၃၉.၆
ကြွေရည်စိမ်ပစ္စည်းစက်ရုံ(မရမ်းကုန်း) မြင့်ဝေ ၀မင်းကုမ္ပဏီ ၁၅၀
ပလပ်စတစ်ပစ္စည်းစက်ရုံ(သန်လျင်) ဟိန်းရွှေကမ္ဘာ ၂၁.၇၄၄

ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနောက်ပိုင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
အဆက်ဆက် တာဝန်ယူစဉ်က ပြန်လည်ပြင်ဆင် ချုပ်ဆိုငှားရမ်းခြင်းနှင့်
တင်ဒါခေါ်ယူပြီးမှ အသစ်ငှားရမ်းခြင်း ပြုခဲ့သည့် စက်ရုံအချို့နှင့် ငှားရမ်းခ (ကျပ်သန်း)
စက်ရုံ ကုမ္ပဏီ တစ်နှစ်ငှားရမ်းခ
တညင်းကုန်းအုတ်စက်ရုံ(၉၀.၀၂၉ ဧက) Mother Industrial ၃၂၀.၆၃
အမှတ်(၇)မြစ်သားအထည် CYT Industrial ၃၃၆
အမှတ်(၈)ပျော်ဘွယ်အထည် CYT Industrial ၅၇၈.၈
ရေနီစက္ကူစက်ရုံ လက်ဝါးကုမ္ပဏီ ၉၅၀
ကော့သောင်းဆီအုန်းခြံနှင့်စက်ရုံ Tanintharyi Plam Oil ၁၃၀
ကြွေထည်စက်ရုံ(မော်လမြိုင်) Chords & Chain Myanmar ၄၈
ကြွေထည်စက်ရုံ မော်လမြိုင်မြေလွတ် Chords & Chain Myanmar ၃၆
မော်လမြိုင်အမှတ်(၄)အရက်ချက်စက်ရုံခွဲ Mandalay Golden Friend ၆၀
LED မီးသီးစက်ရုံခွဲ(လှိုင်) Lighting Specialist(Krislite) ၄၃၂
ကြွေရည်စိမ်ပစ္စည်းစက်ရုံခွဲ(လှိုင်) သိဒ္ခိထက် ၃၆
စက်ဘီးစက်ရုံ(ကျောက်ဆည်) Win & Win ၉၆
စက်ဘီးစက်ရုံခွဲ(ရန်ကုန်) Win & Win ၂၈၈
အင်းစိန်နှင့် ပလိပ် အထည်စက်ရုံနှစ်ရုံ Panda Textile ၆၀၀

မှတ်ချက် ။   ။ Mother Industrial ကုမ္ပဏီမှ ငှားထားသည့် တညင်းကုန်း အုတ်စက်ရုံငှားခဈေးမှာ ယခင်စာချုပ်ဟောင်းကို ပြန်ပြင်ချုပ်ဆိုရန် ကနဦး စီစဉ်သည့် ဈေးနှုန်း ဖြစ်ပါသည်။


အေးချမ်းမွန် Credit To >Eleven Media Group
https://www.facebook.com/excellencemedia

Post a Comment

 
Top