0


အနည်းဆုံး အခကြေးငွေ သတ်မှတ်နိုင်ရေး အတွက် အလုပ်သမား၊ အလုပ်ရှင်နှင့် အလုပ်သမား ၀န်ကြီးဌာန သုံးပွင့်ဆိုင် ဆွေးနွေးပွဲကို နိုဝင်ဘာ ၂၂ ရက်က ရန်ကုန်မြို့၊ မြောက်ဒဂုံ မြို့နယ်ရှိ ပင်လုံအလုပ်သမား လေ့ကျင့်ရေး သင်တန်းခန်းမတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ ဆွးနွေးပွဲသို့ လှိုင်သာယာ၊ ရွှေပြည်သာ၊ တောင်ဒဂုံ၊ ပုဇွန်တောင်၊ မှော်ဘီ စသည့်မြို့နယ်များမှ အလုပ်သမား အဖွဲ့အစည်းများ၊ UMFCCI မှ အထည်ချုပ် လုပ်ငန်းရှင်များ တက်ရောက်ခဲ့သည်။

ဆွေးနွေးပွဲတွင် အနည်းဆုံး အခကြေးငွေ သတ်မှတ်ရာတွင် ကြုံတွေ့ရမည့် ပြဿနာများနှင့် ဖြေရှင်းရမည့် နည်းလမ်းများ၊ အနည်းဆုံး အခကြေးငွေ သတ်မှတ်သင့်သည့် နှုန်းထားများနှင့် ထိုသို့ သတ်မှတ်ခြင်းအားဖြင့် အလုပ်ရှင်များမှ ရရှိလာမည့် အကျိုးကျေးဇူးနှင့် အပြစ်များ၊ အနည်းဆုံး အခကြေးငွေ သတ်မှတ်သင့်သည့် နှုန်းထားနှင့် ထိုသို့သတ်မှတ်ခြင်းဖြင့် အလုပ်သမားများ ရရှိလာမည့် အကျိုးကျေးဇူးနှင့် အပြစ်များ၊ အနည်းဆုံး အခကြေးငွေ သတ်မှတ်သင့်သည့် ပုံစံနှင့် လစာခေါင်းစဉ်များကို အထည်ချုပ် လုပ်ငန်းရှင်၊ အလုပ်ရှင်၊ အလုပ်သမားတို့ အုပ်စုလိုက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ''ဒီနေ့က အလုပ်သမားတွေရဲ့ အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ဖို့အတွက် အထည်ချုပ် လုပ်ငန်းရှင်တွေနဲ့ ဆွေးနွေးတာ ဖြစ်ပါတယ်။ နောက်နေ့မှာတော့ တခြားလုပ်ငန်းရှင်တွေနဲ့ ထပ်မံတွေ့ဆုံဖို့ ရှိပါတယ်။ ကျွန်တော်တို့ အနေနဲ့ အလုပ်သမား၊ အလုပ်ရှင်ရော ၀န်ကြီးဌာန သုံးဦးစလုံး သဘောတူတဲ့ အနိမ့်ဆုံးလစာ သတ်မှတ်ချက် ထွက်ဖို့အတွက် ဆွေးနွေးမှုတွေ ထပ်မံပြုလုပ်သွားမှာ ဖြစ်ပါတယ်'' ဟု ပြောကြားခဲ့သည်။

လက်ရှိ စက်ရုံအလုပ်ရုံများတွင် အလုပ်လုပ်ကိုင် နေကြသည့် အလုပ်သမားများ အနေဖြင့် လုပ်ခလစာ နည်းပါးမှု၊ အလုပ်သမား အခွင့်အရေး ချိုးဖောက်မှုကြောင့် ဆန္ဒပြမှုများ ဖြစ်ပွားနေပြီး အခြေခံ လုပ်ခလစာ နည်းပါးမှုကြောင့် အထည်ချုပ်စက်ရုံ အများစုတွင် အလုပ်သမား ဆန္ဒပြမှုများ ဖြစ်ပွားလျက်ရှိသည်။

မြန်မာနိုင်ငံရှိ အထည်ချုပ်စက်ရုံ လုပ်ငန်းတွင် အလုပ်လုပ်ကိုင်နေသည့် အလုပ်သမား တစ်သိန်းကျော်ရှိပြီး အများစုမှာ အမျိုးသမီး အလုပ်သမားများ ဖြစ်သည်ဟု သိရသည်။

(အလုပ်ရှင်၊ အလုပ်သမားများ အုပ်စုဖွဲ့ ဆွေးနွေနေသည်ကို တွေ့ရစဉ်။)

အေးချမ်းမွန် Credit To >Eleven Media Group https://www.facebook.com/excellencemedia

Post a Comment

 
Top