0


မြန်မာ့ပါတီစုံ ဒီမိုကရေစီ အစီအစဉ်နှင့် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာ ရွေးကောက်ပွဲ ကူညီထောက်ပံ့ရေး ဖောင်ဒေးရှင်းတို့ ပူးပေါင်းကာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၊ မှတ်ပုံတင် ထားပြီးသော နိုင်ငံရေးပါတီ များ၊ အရပ်ဘက် လူ့အဖွဲ့အစည်း (CSO) များနှင့် တွေ့ဆုံကာ နိုင်ငံရေးပါတီ ဘဏ္ဍာငွေ အလုပ်ရုံ ဆွေးနွေးပွဲများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါအဖွဲ့နှစ်ဖွဲ့ အနေဖြင့် နိုဝင်ဘာ ၂၆ ရက်တွင် နေပြည်တော်၌ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၊ နိုဝင်ဘာ ၂၈ နှင့် ၂၉ ရက်များတွင် ရန်ကုန်မြို့၌ မှတ်ပုံတင်ထားပြီးသော နိုင်ငံရေး အဖွဲ့အစည်းများ၊ နိုဝင်ဘာ ၃၀ ရက်တွင် ရန်ကုန်မြို့၌ပင် အရပ်ဘက် အဖွဲ့အစည်းများနှင့် အလုပ်ရုံ ဆွေးနွေးပွဲများ ပြုလုပ်ရန် စီစဉ်ထားခြင်း ဖြစ်သည်။

အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပရခြင်း ရည်ရွယ်ချက်များအဖြစ် ဥပဒေပြဋ္ဌာန်းခြင်း၊ ကြပ်မတ်ခြင်းနှင့် စောင့်ကြပ်ကြည့်ရှုခြင်းများ၊ မြန်မာနိုင်ငံရှိ ဥပဒေနှင့် ကျင့်သုံးမှုများကို ပြန်လည်သုံးသပ်ရန်နှင့် ကမ္ဘာတစ်လွှား ရရှိထားသော စိန်ခေါ်မှုများနှင့် အဆိုပါ စိန်ခေါ်မှုများအတွက် ဖြေရှင်းချက်များကို နှိုင်းယှဉ်ကြည့်ရှု လေ့လာခြင်းများ၊ မြန်မာနိုင်ငံ၏ ပါတီဘဏ္ဍာရေးအတွက် ဖြစ်နိုင်ခြေရှိသော ထောက်ခံချက်များကို ထွက်ပေါ်လာစေရန် ဆွေးနွေးတိုင်ပင် အဖြေထုတ်ခြင်းများ အတွက် ထင်မြင်ယူဆချက်များ ထုတ်ဖော်ရန် ဖြစ်သည်ဟုလည်း ဖိတ်ကြားမှုတွင် ဖော်ပြထားသည်။

မြန်မာ့ပါတီစုံ ဒီမိုကရေစီအစဉ်နှင့် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာ ရွေးကောက်ပွဲ ကူညီထောက်ပံ့ရေး ဖောင်ဒေးရှင်း (IFES Myanmar) တို့ ပူးပေါင်း၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၊ နိုင်ငံရေးပါတီများနှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများအား နိုင်ငံရေးဆိုင်ရာ ဘဏ္ဍာရေး အခက်အခဲများနှင့် ဖြေရှင်းချက်များကို သိရှိရုံသာမက အခြားနိုင်ငံများ၏ ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှု အတွေ့အကြုံများနှင့် စည်းမျဉ်းစည်းကမ်း များအား အသက်ဝင်စေရန် မည်သို့လုပ်ဆောင်ရမည်နှင့် ပတ်သက်သော ဆွေးနွေးပွဲများနှင့် သင်တန်းများကို နိုင်ငံတကာ အတွေ့အကြုံများနှင့် နှိုင်းယှဉ်၍ ကျင်းပပေးရန် ရည်ရွယ်သည်ဟု အဆိုပါ အဖွဲ့နှစ်ဖွဲ့မှ နိုင်ငံရေး ပါတီများသို့ ဖိတ်ကြားမှုတွင် ဖော်ပြထားသည်။

အလုပ်ရုံ ဆွေးနွေးပွဲတွင် ဘဏ္ဍာရေး အစီရင်ခံစာနှင့် ပတ်သက်သည့် စာတမ်းများ၊ ထည့်ဝင်လှူဒါန်း မှုများနှင့် သုံးစွဲမှုများအပေါ် တားမြစ်ထားချက်၊ ကန့်သတ်ထားချက် များအပြင် အများပြည်သူ ရန်ပုံငွေဆိုင်ရာ ပြဋ္ဌာန်းချက်များကိုလည်း အဓိကထား ဖော်ပြပေးခြင်း၊ လူမှုအဖွဲ့အစည်းများနှင့် မီဒီယာတို့၏ အခန်းကဏ္ဍနှင့် နိုင်ငံရေးဆိုင်ရာ ဘဏ္ဍာရေး လောကတွင် သတိမမူမိသည့် အချက်များနှင့် ကမ္ဘာလုံးဆိုင်ရာ အတွေ့အကြုံများကို ထည့်သွင်း ဆွေးနွေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

အေးချမ်းမွန် Credit To >Eleven Media Group https://www.facebook.com/excellencemedia

Post a Comment

 
Top