ရန်ကုန်၊ နိုဝင်ဘာ ၂၆
မြန်မာ၊ အီရန်၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ကို့ ဆက်သွယ်ပေးမည့် အာရှဒေသ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကို နှစ်ပေါင်း ၂၀ ကျော်ကြာမှ ပြန်လည် အကောင်အထည် ဖော်သွားမည် ဖြစ်ကြောင်း အိန္ဒိယ အစိုးရက နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။
အိန္ဒိယ အစိုးရသည် ကီလိုမီတာ ၁၅၀၀၀ ရှည်လျားသည့် ဓာတ်ငွေ့ပိုက်လိုင်းကို အာရှဒေသ တစ်ခွင်ရှိ ဓာတ်ငွေ့ တင်သွင်းလိုသည့် နိုင်ငံများနှင့် တင်ပို့လိုသည့် နိုင်ငံများကို ချိတ်ဆက်ပေးရန် ရည်ရွယ် တည်ဆောက်မည် ဖြစ်ကြောင်း အိန္ဒိယ အစိုးရ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
ယင်းပိုက်လိုင်းမှ တစ်ဆင့် အီရန်၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ် ကဲ့သို့သော ဓာတ်ငွေ့ အမြောက်အမြား ထုတ်လုပ်သည့် နိုင်ငံများ ထံမှ ဓာတ်ငွေ့ အမြောက်အမြား တင်သွင်းလေ့ရှိသည့် တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန် အပါအဝင် အာရှဒေသ အင်အားကြီး နိုင်ငံများက ဝယ်ယူနိုင်မည် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက် အရ သိရသည်။
အာရှဒေသ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရန် အတွက် အိန္ဒိယ ပြည်ပရေးရာ ဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည့် ယခုနှစ် ဇွန်လအတွင်းက မြန်မာ အစိုးရနှင့် ဆွေးနွေးမှုတစ်ရပ် ပြုလုပ်ခဲ့ကြောင်း အိန္ဒိယ အစိုးရ အရာရှိများက ဆိုသည်။
ယင်းစီမံကိန်း အကောင်အထည် ဖော်ခြင်းအားဖြင့် မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း ဒေသတွင်း စီးပွားရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများ မြှင့်တင်ရန် အထောက်အပံ့ ဖြစ်စေနိုင်မည် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုလက်ရှိ အဆိုတင်သွင်းထားသော ယင်းစီမံကိန်းသည် ပြီးခဲ့သည့် နှစ်ပေါင်း ၂၃ နှစ်ခန့်က အိန္ဒိယ အစိုးရ စတင်ခဲ့သည့် တခ်မန်နစ္စတန်၊ အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ အိန္ဒိယ လေးနိုင်ငံ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကို တိုးချဲ့ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အိန္ဒိယ အစိုးရက ၁၉၉၇ ခုနှစ်တွင် အိန္ဒိယ၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ် ၃ နိုင်ငံ ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်း ဖော်ဆောင်ရွက်ရန် အတွက် တပ်မတော် အစိုးရလက်ထက် ကတည်းက မြန်မာထံ ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံ သမ္မတရုံး အကြီးတန်းအရာရှိ တစ်ဦးက ဆိုသည်။
အဆိုပါ စီမံကိန်း အကောင်အထည်ဖော်ရန် မြန်မာအစိုးရက သဘောတူညီခဲ့ သော်လည်း ဘင်္ဂလားဒေ့ရှ် အစိုးရက ဒေသတွင်း လုံခြုံရေးနှင့် နိုင်ငံရေး အခြေအနေများကို အကြောင်းပြကာ ဖယ်ထွက်သွားသောကြောင့် စီမံကိန်း ပျက်ပြားခဲ့ရကြောင်း ၎င်းက ရှင်းပြသည်။
သို့သော်လည်း ယခု အဆိုတင်သွင်းထားသော တခ်မန်နစ္စတန်၊ အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ အိန္ဒိယ လေးနိုင်ငံ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကို တိုးချဲ့ ဆောင်ရွက်မည့် အာရှဒေသ ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းတွင် ပါဝင်ရန် စိတ်ဝင်စားကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရက ပြောကြားခဲ့သည်ဟု အိန္ဒိယ သတင်းစာ မျက်နှာအချို့တွင် ဖော်ပြထားသည်။
အေးချမ်းမွန် Credit To >The Voice Weekly
Post a Comment