ရန်ကုန်၊ နိုဝင်ဘာ ၈
တရားမဝင် ကုန်သွယ်မှု တားဆီး တိုက်ဖျက်ရေး ရွေ့လျားအဖွဲ့ (Mobile Team) က အောက်တိုဘာ ၂၈ ရက်နေ့တွင် လှိုင်မြို့နယ် အမှတ် (၂) ရပ်ကွက်ရှိ Quarto Products ကုမ္ပဏီသို့ သတင်းအရ ဝင်ရောက် ရှာဖွေရာမှ တရားမဝင် တင်သွင်းလာသည့် အရက်၊ ဘီယာ၊ ဝိုင်နှင့် စားသောက်ကုန်ပစ္စည်း ခန့်မှန်းတန်ဖိုးကျပ် ၆၄၄ သိန်းကျော် ဖမ်းဆီးရမိကြောင်း အဆိုပါအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးက ပြောကြားသည်။
လှိုင်မြို့နယ် ပိတောက်ချောင်း ရဲစခန်းတွင် Quarto Products ကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာ ဒေါ်ဌေးဌေးမာကို သွင်းကုန်ထုတ်ကုန် ဥပဒေပုဒ်မ ၈ နှင့် နိုဝင်ဘာလ ၇ ရက်နေ့တွင် အမှုဖွင့်ထားပြီး ဖမ်းဆီးရမိသည့် ကုန်ပစ္စည်းများကို အကောက်ခွန် ဥပဒေဖြင့် အရေးယူရန် စီစဉ်လျက် ရှိကြောင်း ၎င်းကဆိုသည်။
အဆိုပါ ကုမ္ပဏီထံမှ ၂၀၁၁ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ပို့ကုန်သွင်းကုန် လိုင်စင် ၉၃ ခုကိုလည်း တွေ့ရပြီး အခွန် အထိုက်အလျောက် ဆောင်ထားသည်ကိုလည်း တွေ့ရကြောင်း အဆိုပါ ပုဂ္ဂိုလ်က ရှင်းပြသည်။
ဖမ်းဆီးရမိခဲ့သည့် ကုန်ပစ္စည်းများတွင် Green Apple (Monin)၊ Cucumber (Monin )၊ Erdinger Weibbier နှင့် Brewed in Belgium (Omer) အပါအဝင် အရက်၊ ဘီယာနှင့် ဝိုင် ပုလင်းများစွာ ပါဝင်သည်ဟု Mobile Team အဖွဲ့ထံမှ သိရသည်။
ယင်းဖမ်းဆီးရမိသည့် ကုန်ပစ္စည်းများတွင် သွင်းကုန်ထုတ်ကုန် လိုင်စင် မပြနိုင်သည့် ကုန်စည် ၁၀ မျိုး၊ လိုင်စင်တွင် ပါဝင်သည့် ကုန်စည် အမျိုးအစားထက် ပိုမိုတင်သွင်းသည့် ကုန်စည်နှစ်မျိုးနှင့် အောက်တို ဘာလ ၆ ရက်နေ့ တပ်မတော်ခန်းမ ကုန်စည်ပြပွဲတွင် ပြသရန် ပြည်ပမှ တင်သွင်းလာသည် ဆိုသည့် ကုန်ပစ္စည်းအမျိုး ၇၀ တို့ကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးစိုးအောင်က ရှင်းပြသည်။
“ကုန်စည်ပြပွဲအတွက် ဆိုရင်လည်း စီးပွား/ကူးသန်းရုံးမှာ လာလျှောက် ရပါတယ်။ အဲဒီကုန်စည်အပေါ် အခွန်လည်း မကောက်ပါဘူး။ ပြပွဲပြီးလို့ ရောင်းမှသာ အခွန်ကောက်တာပါ။ အခုက လာလျှောက်တဲ့ စာရင်းကို မတွေ့ရတာပါ” ဟု ၎င်းက ထပ်မံပြောကြားသည်။
Mobile Team စတင်ဖွဲ့စည်းခဲ့သည့် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့မှ ယခုအချိန်အထိ အမှုတွဲပေါင်း ၁၈၇၄ မှု၊ တန်ဖိုးငွေကျပ် ၆၈၃၈ သန်း ဖမ်းဆီးရမိခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။
အေးချမ်းမွန် Credit To >The Voice Weekly
Post a Comment