သမ္မတဦးသိန်းစိန်သည် ဂျပန်နိုင်ငံ ကာနာဂါဝါ ပြည်နယ်အစိုးရအဖွဲ့ အကြီးအကဲ Mr.Yuji KUROIWA နှင့် နိုဝင်ဘာ ၁၉ ရက်က နေပြည်တော်ရှိ သမ္မတအိမ်တော် ဧည့်ခန်းမဆောင်၌ တွေ့ဆုံကာ ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
တွေ့ဆုံရာတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းကဏ္ဍများ၌ ကာနာဂါဝါ ပြည်နယ်အစိုးရက နိုင်ငံတော် အစိုးရနှင့် ပူးပေါင်း၍ ကူညီဆောင်ရွက်သွားရေး၊ ထားဝယ် အထူးစီးပွားရေးဇုန် အကောင်အထည်ဖော် တည်ဆောက်မှုတွင် ဂျပန်စီးပွားရေး လုပ်ငန်းရှင်များအား ဖိတ်ခေါ်ထားရာ ကာနာဂါဝါပြည်နယ်မှ စီးပွားရေး လုပ်ငန်းရှင်များ ပါဝင်ရင်းနှီးမြှုပ်နှံမှု ပြုရေးနှင့် ပြည်သူ့ကျန်းမာရေး လုပ်ငန်းဆိုင်ရာများကို ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကာနာဂါဝါပြည်နယ် ယိုကိုဟားမားမြို့တွင် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကို ဖြစ်ပေါ်စေခြင်းမရှိသော ကျောက်မီးသွေးစက်ရုံကို တည်ဆောက်ထားရာ နိုင်ငံတော် သမ္မတဦးသိန်းစိန်၏ ၂၀၁၂ ခုနှစ် ဧပြီလအတွင်း သွားရောက်ခဲ့သော ဂျပန်နိုင်ငံ ခရီးစဉ်တွင် အဆိုပါစက်ရုံအား သွားရောက်လေ့လာခဲ့ကြောင်း သမ္မတရုံး ၀က်ဘ်ဆိုက်တွင် ဖော်ပြထားချက်အရ သိရသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၊ ရထား ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အေးချမ်းမွန် Credit To > Eleven Media Group
Post a Comment