(ဆောင်းပါးရှင် - မောင်နေမွန်)
အမှားဆိုတာ လူတိုင်းနဲ့ မကင်းပါ။ တစ်ကြိမ်တစ်ခါ (သို့မဟုတ်) တစ်ကြိမ်တစ်ခါထက်မက မိမိတို့ရဲ့ ဘ၀တစ်လျှောက်မှာ အမှားဆိုတာ ဖြစ်ခဲ့ကြုံခဲ့ ကြစမြဲပါ။ မှားတာကို မှားတယ်လို့ သိဖို့နဲ့ မှားတာကို ပြင်တတ်ဖို့တော့ လိုပါတယ်။ ကိုယ်မှားတာကို ကိုယ်သိပြီး နောက်ထပ်အမှား ထပ်မကျူးလွန်မိအောင် သတိထားလာ တတ်တဲ့အတွက် မှားတာသိရင် လူကောင်းတစ်ယောက် ဖြစ်လာနိုင်ပါတယ်။ မိမိအမှားကို မိမိသိမြင်ပြီး ဆင်ခြင်သင်ခန်းစာယူကာ ပြုပြင်သွားလျှင် အမှားကင်းသွား နိုင်တဲ့အတွက် လူတော်တစ်ယောက် ဖြစ်လာနိုင်ပါတယ်။ ဤသို့ဆိုလျှင် ကိုယ့်အမှားကိုယ်သိပြီး အမှားကို ပြုပြင်သောသူသည် လူကောင်းလူတော်တစ်ယောက် ဖြစ်တယ်လို့ ဆိုရမှာပါ။
အမှားဆိုတာ ရေရှည် ဒီအတိုင်းထားဖို့၊ ရေရှည်လက်ခံထားဖို့ မသင့်လို့ အမှားကြုံရင် ပြုပြင်ဖို့ကို ငယ်စဉ်ကတည်းက မိဘ၊ ဆရာနဲ့ ကြီးကဲသူတို့က ဆိုဆုံးမ ခဲ့ကြပါတယ်။ အမှားကို ပြုပြင်ဖို့ ဆုံးမတာ၊ တိုက်တွန်းတာ၊ သတိပေး ပြောကြားတာဟာ ကောင်းစေချင်လို့သာ ဖြစ်ပါတယ်။ ဒါကြောင့် အမှားကို ပြုပြင်ဖို့ ဆုံးမတာ၊ တိုက်တွန်းတာ၊ ပြောကြားတာဟာ စေတနာပါတဲ့ စကားတွေသာ ဖြစ်ပါတယ်။ မိမိအတွက် အကျိုးယုတ်စရာ မရှိဘဲ၊ အကျိုးရှိရာရှိကြောင်း၊ ကောင်းရာကောင်းကြောင်းတွေသာ ဖြစ်ပါတယ်။
ပုဂ္ဂိုလ်ရေး အနေဖြင့် ကျွန်တော်တို့မှာ ပြုပြင်စရာတွေ ရှိနေတတ်ပါတယ်။ အစားအသောက်၊ အနေအထိုင်၊ အသွားအလာ ကိစ္စများတွင်လည်းကောင်း၊ အကျင့်အကြံ၊ အပြုအမူ ကိစ္စရပ်များတွင် လည်းကောင်း၊ လူမှုဝန်းကျင် ဆက်ဆံရေး ကိစ္စများတွင် လည်းကောင်း၊ ချွတ်ယွင်းချက်များ ရှိကောင်းရှိနေမည်ဆိုလျှင် ထိုပြင်သင့်သည့် အကြောင်းခြင်းရာများကို ပြောင်းလဲပြုပြင် သွားကြရပါမယ်။ သို့မှသာ ကိုယ့်ဘ၀ ကောင်းလာပြီး ရှေ့ဆက်သွားရမယ့် ဘ၀လမ်းကြောင်း ဖြောင့်တန်းသာယာခြင်း၊ ငြိမ်းချမ်းခြင်း၊ အေးချမ်းခြင်းတည်းဟူသော ဘ၀အခြေအနေကောင်းကို ကြုံတွေ့ပိုင်ဆိုင်ကြမှာ ဖြစ်ပါတယ်။ အဲဒီတော့ ပြုပြင်သင့်စရာတွေကို ပြုပြင်ခြင်းဟာ ကောင်းကျိုးရရာ ရကြောင်းသာ ဖြစ်တယ်လို့ ဆိုရပါမယ်။
ပုဂ္ဂိုလ်ရေး အမှားကို တစ်ဖက်သား ကျေနပ်အောင် တောင်းပန်လိုက်ရုံဖြင့် ပြေလည်မှု (အဆင်ပြေမှု) ရသွားကာ ပြီးပျောက်သွားနိုင်ပေမယ့် အများနှင့်ဆိုင်သော၊ အဖွဲ့အစည်းနှင့်ဆိုင်သော၊ ပြည်သူနှင့်ဆိုင်သော၊ နိုင်ငံနှင့်ဆိုင်သော မှားယွင်းသည့် ပြုပြင်ရမည့် ကိစ္စတွင်မူ တောင်းပန်ရုံဖြင့် အမှန်ရောက်သွားခြင်း မရှိနိုင်ပါ။
လူတစ်ဦးချင်းဆီမှာ မှားယွင်းမှု ရှိသလို လူတစ်ဦးချင်း ပါဝင်ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း တွေမှာရော အမှားအယွင်းဆိုတာ ရှိခဲ့ကြမှာပါပဲ။ လူတစ်ဦးချင်းဆီမှာ အမှားအယွင်း မကင်းနိုင်သလို လူ့အဖွဲ့အစည်း တွေမှာလည်း အမှားအယွင်း မကင်းနိုင်ပါ။ အဲဒီတော့ လူတစ်ဦးရဲ့ လုပ်ဆောင်မှုနဲ့ အဖွဲ့အစည်း တစ်ရပ်ရဲ့လုပ်ဆောင်ချက်တွေမှာ ပြုပြင်သင့် စရာတွေလည်း ရှိနေမှာပဲ ဖြစ်ပါတယ်။
ယခု ကျွန်တော်တို့ နိုင်ငံတွင် ပညာရှင်များ၊ နိုင်ငံရေး ပါတီများနှင့် ပြည်သူအများစုက နိုင်ငံအကျိုး၊ ပြည်သူအကျိုးငှာ ဒီမိုကရေစီ စနစ်နဲ့ မကိုက်ညီ၍ ပြုပြင်သင့်တယ်ဟု ယူဆယုံကြည် သက်ဝင်သဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို ကြိုးပမ်းလှုပ်ရှား ဆောင်ရွက်နေကြ ပါတယ်။
နိုင်ငံတော်နှင့် ပြည်သူတစ်ရပ်လုံးအတွက် အသက်သွေးကြောပမာ အရေးကြီးလှသော နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် သတ်မှတ်ပြဋ္ဌာန်းချက် ဥပဒေများဟာ အများပြည်သူ အကျိုးကို ကာကွယ်စောင့်ရှောက်သော၊ လူပုဂ္ဂိုလ် တစ်စုံတစ်ဦးကို ကန့်သတ်မရည်ရွယ်သော၊ လူတစ်စုတစ်ဖွဲ့ အကျိုးကို ရှေးရှုမှုကင်းသော၊ နိုင်ငံတော်က ဖော်ဆောင်နေတဲ့ ခေတ်စနစ်နှင့် အံဝင်ကိုက်ညီသော ဥပဒေ သတ်မှတ်ချက်များသာ ဖြစ်သင့်ပါတယ်။
သတ်မှတ်ထားသော ဥပဒေသည် ပြည်သူများ လက်ခံနိုင်သော ဖိစီးမှုကင်းသော တရားမျှတမှုရှိသော ဥပဒေသာ ဖြစ်သင့်ပါတယ်။ လိုက်နာနိုင်ရန် ခက်ခဲသော တင်းကျပ်မှု ဖြစ်စေသော ဥပဒေကို ပြည်သူအများ ကြိုက်နှစ်သက်ကြမှာ မဟုတ်ပါ။ အများဆန္ဒကို ဦးစားပေးရသော ဒီမိုကရေစီ စနစ်ကို ဖော်ဆောင်သော နိုင်ငံသည် ပြည်သူကို အခြေပြုသည်ဖြစ်ရာ ပြည်သူ့ဆန္ဒကို ဦးစားပေးခြင်းမှာ ဒီမိုကရေစီ၏ အခြေခံ ဖြစ်တာကို အားလုံးသိကြ ပါတယ်။ ဤသို့ဆိုလျှင် ပြည်သူ့ဆန္ဒအရ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ကြဖို့သာ ရှိပါတယ်။
"ဥပဒေကို ရိုသေလေးစားရမည့် တာဝန်သည် နိုင်ငံသားကောင်းတို့၏ တာဝန်ဖြစ်သည်။ နိုင်ငံသားကောင်း ဖြစ်လိုလျှင် ဥပဒေကို လေးစားရမည်။ ဥပဒေကို မကောင်းဟု ထင်မြင်လျှင် ဥပဒေကောင်းကို ရအောင်အားထုတ် ရမည်" ဟု ဂရိတွေးခေါ်ရှင်ကြီး ဆိုကရေးတီးရဲ့ အဆိုကို ဖတ်ရှုမှတ်သား ဖူးပါတယ်။
မည်သည့်ကိစ္စမဆို အကောင်းထဲတွင် အဆိုးပါတတ်သဖြင့် "ဆွမ်းဆန်ထဲ ကြွက်ချေးရော" ဆိုတဲ့ မြန်မာဆိုရိုး စကားလည်း ရှိပေရာ၊ အကောင်းထဲမှ မကောင်းတာကို ဖယ်ထုတ်လိုက်လျှင် အကောင်းချည်း အဆီအနစ်ချည်းသာ ကျန်ရှိရမှာ ဖြစ်ပါတယ်။ အဲဒီအတွက် အကောင်းချည်းသာဖြစ်ဖို့ အားထုတ်သင့်ကြပါတယ်။ ဤသို့ဆိုလျှင် ဒီမိုကရေစီ ခရီးလမ်းကြောင်း ကောင်းစေဖို့ ပြုပြင်သင့်စရာတွေကို သဘောထားကြီးကြီး၊ လက်တွဲညီညီ၊ ပြုပြင်ကြမယ်ဆိုရင် "မမှားမစောင်း၊ လမ်းကြောင်းဖြောင့်စင်း၊ ဖြစ်တုံလျှင်းသော်၊ မင်းနှင့်တိုင်းသူ၊ ကြည်ဖြူချမ်းမြ၊ မေတ္တာငှ၍၊ ကမ္ဘာ့ချမ်းသာ၊ တိုးပွားကာလျှင်၊ သမ္မာနတ်ကောင်း၊ နှစ်ထောင်းဝမ်းမြောက်၊ ကူစောင့်ရှောက်မည်" ဟူသော စဏကျနီတိလာ အဆိုအတိုင်း ကျွန်တော်တို့ မှီတင်းနေထိုင်ရာ တိုင်းနိုင်ငံကြီး ဖွံ့ဖြိုးတိုးတက် ငြိမ်းချမ်းသာယာပြီး နိုင်ငံသူ နိုင်ငံသားအားလုံး နှလုံးစိတ်ဝမ်း ချမ်းမြေ့ကြပေမယ်လို့ ယုံကြည်မိကြောင်းပါ။
အေးချမ်းမွန် Credit To>Eleven Media Group < Thankhttps://www.facebook.com/
Post a Comment