0


(ဆောင်းပါးရှင် - အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်))

မင်း မပါ ဘယ်ဟာမပြီး၊
မင်းချည်းတော့လည်း ဘယ်ဟာမပြီး။
သူ မပါ ဘယ်ဟာမပြီး၊
သူ့ချည်းတော့လည်း ဘယ်ဟာမပြီး။
ငါ မပါ ဘယ်ဟာမပြီး၊
ငါချည်းတော့လည်း ဘယ်ဟာမပြီး။
မင်း သူ ငါ ညီညာစုံမှ အလုံးစုံအကုန်ပြီး၊
ပြုကြစုစည်း။ (ပေါရာဏ)

၂၀၀၈ ဖွဲ့စည်းပုံကို ပြည်သူ့ အကျိုးသက်ရောက်မှုရှိစေဖို့ အတွက်တစ်နည်း ဒီမိုကရေစီပီပြင်စေဖို့ အတွက် ပြည်သူအများက ပြုလို၊ ပြင်လိုနေကြပါတယ်။ ဒါပေမဲ့ ယနေ့အထိ ဘာတစ်ခုမှ ရေရာသောအဖြေ ထွက်မလာသေးပါဘူး။ အသစ်ပြန်ပြုချင်တယ်ဆိုတဲ့ အသံ၊ ပြင်ဆင်ချင်တယ်ဆိုတဲ့ အသံနှစ်ခု ကြားမှာပဲ ရေစုန်မျောနေပါတယ်။ လက်ရှိဖွဲ့စည်းပုံပြဿနာဟာ မင်း သူ ငါ ညီညာစုံမှဆိုတဲ့ စုပေါင်းအားနဲ့ဖြေရှင်းမှသာ ဒီပြဿနာက ပြီးမှာပါ။ မင်းလို့ဆိုရာမှာ 'ရာဇာ' ဆိုတဲ့ မင်း ကိုအဓိကထား ပြောချင်ပါတယ်။ သူဆိုတာကတော့ ပြည်သူလို့ပဲ ဆိုကြပါစို့။ ဆရာကြီးလူထုစိန်ဝင်းကတော့ 'မင်း' ဆိုတဲ့ အသုံးအနှုန်းဟာ ပဒေသရာဇ် စော်နံလို့ မကြိုက်ပါဘူးတဲ့။ ဆရာကြီးကတော့ ရှေးသုံးဖြစ်တဲ့ မင်းတို့၊ ဘုရင်တို့ဆို တာကိုလုံးဝမကြိုက်ပါဘူး။ မင်း စိတ်ပေါက် သွားမှာစိုးလို့ပါတဲ့။ ဘုရင်စိတ်ပေါက် သွားမှာ စိုးလို့ပါတဲ့။ အာဏာရှင်တွေဟာ အဲဒီလို မင်း စိတ်၊ ဘုရင်စိတ်ပေါက်သူတွေ ဖြစ်ကြတာမို့ ဆရာကြီးက ဒီဘက်ခေတ်မှာ အဲဒီအသုံးအနှုန်းတွေရော၊ အဲဒီစိတ်ဓာတ် မျိုးတွေရော မရှိသင့်တော့ဘူးဆိုပြီး ငြင်းပယ်ခဲ့ပါတယ်။

ဒါပေမဲ့ ဒီနေရာမှာတော့ တိုင်းပြည်ရဲ့ အချုပ်အခြာဖြစ်တဲ့ ပုဂ္ဂိုလ်၊ တိုင်းပြည်ရဲ့ အကြီးအကဲကို သုံးရိုးသုံးစဉ် နားရှင်းအောင် မင်း လို့ပဲသုံးကြပါစို့။ 'ရာဇာပဓာနံ' လို့ စာကဆိုပါတယ်။ တိုင်းပြည်တစ်ခုမှာ မင်း က ပဓာနပါတဲ့။ 'ရာဇာနုဝတ္တကော လောကော' တိုင်းသူပြည်သားဆိုတာ မင်း လုပ်သူနောက်ကိုပဲ လိုက်ရပါသတဲ့။ လိုက်ချင် လည်းလိုက်၊ မလိုက်ချင်လည်းလိုက်ပေါ့။ လယ်သမားတွေ လယ်မပိုင်၊ လုပ်စားစရာ လယ်မရှိတော့တာက သက်သေ သာဓကပေါ့။ ဒါဟာ တိုင်းပြည်အတွက် အတော်ကြီး တဲ့ အန္တရာယ်ပါ။ သဘာဝ သယံဇာတတွေ နဲ့ပတ်သက်လို့လည်း မြန်မာပြည်သူတွေဟာ အိုးသည် အိုးကောင်းမရွက်ရတဲ့ ဘ၀မျိုးပါ။ ပြည်နယ်တွေက ပိုသိပါတယ်။ ပိုခံစား ရပါတယ်။

ဒါကြောင့် မဃဒေ၀ (၁၀၈) မှာ 'လေးထွေမျိုးသင်း လူခပင်းကား မင်းသို့မလွဲစဉ် လိုက်မြဲတည်း' လို့ ဆိုပါတယ်။ ဒါ့အပြင် မဃဒေ၀ (၁၀၉) မှာလည်း 'လောကဓမ္မတာ လူတို့ရွာဝယ်၊ မင်းသာပြဋ္ဌာန်း မင်းဘုန်းတန်းဖြင့် တိုင်းခန်းပြည်လုံး သိမ်းကျုံးဗိုလ်ထု၊ ဆိုးကောင်းမှုကို မင်းပြု၊ မင်းပြင် မင်းသာ ရင်၏။ လူရှင်သတ္တ၀ါ များ ဗိုလ်ငါတို့ ကိုးရာအညီ မှန်စွာပြီကြောင့်၊ မြီတလင်းလှည်း ပြဋ္ဌာန်းနည်းကို၊ ကွပ်တည်းအာဏာ၊ မင်းမှာသာလျင်၊ ရာဇာပဋ္ဌာန ပြုနိုင်ကြ၏။ ကမ္ဘာ့တန်ဆောင် အခေါင်စိုးခြင်း နေတစ်စင်းသို့၊ မင်းလျင်မဏ္ဍိုင် မင်းမခိုင်သော်၊ ယိမ်းယိုင်ပြည်ကြီး၊ ပျက်စီးချောက်ချား၊ ရှားပါးမိုဃ်းလေ၊ စာရေမွတ်ငတ်၊ ဥပဒ်လူပေါင်း၊ ထောင်းထောင်း ကြေညက်၊ နတ်များမျက်၍ လက်နက်ညွန်သဲ၊ ကျောက်ခဲမီးမိုဃ်း၊ ချရာကြိုးလျက်၊ ကျိုးမဲ့ ကုန်အောင် တိုင်းလုံးလောင်ရှင့်။ ရှေ့ဆောင် နွားလား အကောက်သွားက၊ နောက်နွားတစ်သိုက် အကောက်လိုက်၏။ ရှေ့နှိုက်နွားမှူး အဖြောင့်ကူးသော်၊ မထူးနောက်ပါ နွားတကာလည်း၊ ဖြောင့်စွာမြစ်နှိုက် ကူးနောက်လိုက်၏။ မှတ်ပိုက်ပမာ ဤလူ့ရွာတွင်၊ နရာဓိပတိ၊ ပြည်ကြီးဥက္ကဋ္ဌ၊ နရသနင်း၊ မင်း တို့မတော် တရားချော်က၊ မြေပေါ်လူများ မဆိုထားလင့်၊ မိုဃ်းဖျားနက္ခတ်၊ တာယာဓာတ် က၊ ဂြိုဟ်နတ်ရာသီ သွားမညီဘူး။ ဖီလာ ကန့်လန့်၊ တုန်းနန့်ချောက်ချား၊ တဖျင့်ရှားလျက်၊ တိမ်းပါးချွတ်လွဲ၊ ကရဲကသီ၊ မဆီမလျင်၊ အစဉ်ယော့ယဥ့်၊ ကစဥ့်ကလျား၊ ယှိသောအားဖြင့်၊ နတ်များစိတ်နူး မပျော်မြူးဘူး။ လေရူးဆောင်ကြဉ်း ရွက်လင်းယဉ်းသို့၊ အကျဉ်းအကျပ်၊ ချဉ်းကြပ်ကြပ်နှင့် ပူးတွဲ ယှဉ်တွဲ လမ်းစဉ်ဖဲ၍ တိုက်တဲ့ပြေးဟုန်၊ ကျော်ခုံနောက်ဆုတ်၊ လွန်ယုတ်မရွေ့၊ ခြင်္သေ့ အလား၊ ကျား၏ဂတိ၊ ဘောက်ပြီ ဘောက်ပြန်၊ သွားကြဟန်ကြောင့်၊ မမှန်လေမိုး မဖြောင့်နိုးသည် ရွာရိုး မရွာစပါတည်း' လို့ အရာရာ မင်းသာပဓာနဖြစ်ကြောင်း ဆိုခဲ့တယ်။

ဒီတော့ မိမိတို့နိုင်ငံမှာ လက်ရှိအနေအထားက မင်း ဘယ်သူလဲ။ အာဏာကြီးသုံးရပ် ခွဲဝေပုံအရ ဆိုရင်တော့ သမ္မတဟာ ရာဇာ ပါပဲ။ မင်း ပါပဲ။ ၂၀၀၈ ဖွဲ့စည်းပုံအရဆိုရင်တော့ စစ်တပ်ကသာ ပဓာနကျသောကြောင့် စစ်တပ်ရဲ့အကြီးအကဲ စစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးကို ရာဇာမင်း လို့ဆိုရမှာပါပဲ။ လွှတ်တော်မှာလည်း လွှတ်တော်ဥက္ကဋ္ဌတွေဟာ မင်း ပါပဲ။ အခုဟာက မင်း လို့ဆိုရမယ့် ပုဂ္ဂိုလ်တွေရဲ့ အတွေးအခေါ်၊ အယူအဆ၊ အမြော်အမြင်ကြီးမှု၊ နှံ့စပ်သိမြင်မှု၊ မွန်မြတ်မှု၊ ကြီးမြတ်မှု၊ စိတ်၊ စေတနာ၊ သဘောထား၊ သတ္တိ ဗျတ္တိ ဆုံးဖြတ်ချက် စတာတွေက ပဓာန ကျနေပါတယ်။

ဒီနေရာမှာ မင်း သူငါကို 'မင်းနဲ့ပြည်သူ' လို့ပဲ လွယ်လွယ်ခေါ်ကြပါစို့။ ဒီဖွဲ့စည်းပုံအကျပ်အတည်းကို ညှိနှိုင်းဖြေရှင်းရမှာက မင်းနဲ့ပြည်သူပဲ။ မင်း ဆိုတာကတော့ ရှင်းပြီ။ ပြည်သူဘက်က ဘယ်လိုလဲ။ ပြည်သူဘက် ကတော့ ပြည်သူအများစုရဲ့ခေါင်းဆောင်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါပဲ။ ဒီ ၂၀၀၈ ဖွဲ့စည်းပုံအကျပ်အတည်းရဲ့ ဖြေက ဒီခေါင်းဆောင်နှစ်ဦးမျက်နှာချင်း မဆိုင်ဘဲနဲ့ အဖြေမထွက်နိုင်ပါဘူး။ ဒါကြောင့် ဒီခေါင်းဆောင်တွေဟာ တွေ့ကိုတွေ့ရပါမယ်။ ညှိနှိုင်းကို ညှိနှိုင်းရပါမယ်။ ဖြေရှင်းကို ဖြေ ရှင်းရပါမယ်။ (၂၈-၁၁-၂၀၁၃) နေ့ထုတ် Daily Eleven သတင်းစာမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးတွင် ကာကွယ်ရေး ဦးစီးချုပ်၏ဆုံးဖြတ်ချက်မှာ အလွန်အရေးပါကြောင်း ဒေါ်အောင်ဆန်းစုကြည်က သြစတြေးလျနိုင်ငံတွင် မြန်မာမိသားစုများနှင့် တွေ့ဆုံရာ၌ ပြောကြားဟူသော သတင်းတစ်ပုဒ် ဖတ်ရပါတယ်။ တပ်မတော်ခေါင်းဆောင်တို့ အနေနဲ့ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်ဖို့၊ ၂၀၀၈ ဖွဲ့စည်းပုံကို စောင့်ရှောက်ဖို့ လုပ်ထုံးလုပ်နည်းစတာတွေချည်း ပြောနေလို့ မဖြစ်ပါဘူး။ ဒါတွေက လက်တွေ့မကျပါဘူး။ ဒါတွေက တကယ်တော့ ယခင်အာဏာရှင်တို့ သူတို့ဘ၀စည်းစိမ်ကို ကာကွယ်ဖို့အတွက် သက်သက် မဟာတံတိုင်းခတ်ထးတာတွေပါ။

မင်းနှင့်ပြည်သူ နှစ်ဦးနှစ်ဖက် ကိုယ်လိုချင်တဲ့ဘက် တစ်ဖက်တည်းကို ကြည့်ပြီး တစ်ဖက်တည်းကို ဆွဲလို့တော့ မရပါဘူး။ အပေးအယူ သဘောတော့ပါရမယ်။ အပေးအယူဆိုကတည်းက ပေးရတာလည်းရှိမယ်။ ယူရတာလည်းရှိမယ်။ ကိုယ်ယူချင်တာချည်း ပြောလို့လုပ်လို့မရပါဘူး။ သူယူချင်တာကိုလည်း ကိုယ့်ဘက်က နားလည်မှု ရှိရပါမယ်။ ဖြစ်ချင်တာ၊ ဖြစ်သင့်တာ၊ ဖြစ်နိုင်တာဆိုတာတွေ ကလည်း ဒီနေရာမှာ စကား ပြောပါတယ်။ အရေးပါပါတယ်။ အဓိကကတော့ ပြည်သူ့မျက်နှာပါပဲ။ ပြည်သူ့မျက်နှာ ကို အဓိကကြည့်ရပါမယ်။ ပြည်သူ့ဆန္ဒကို အဓိကထား ထည့်တွက်ရပါမယ်။ ပြည်သူ့အပေါ် စိတ်ထားမှန်မှန်၊ စေတနာမှန်မှန်နဲ့ဆိုရင် ကောင်းမွန်တဲ့အဖြေတစ်ခု ထွက်လာမှာပါ။

စည်းကမ်းပြည့်ဝသော ဒီမိုကရေစီဆိုတာထက် ပြည်သူ့ဆန္ဒပြည့်ဝသော ဒီမိုကရေစီဆိုတာက ပိုမိုအဓိပ္ပာယ်ရှိပါတယ်။ ပိုမိုလိုအပ်ပါတယ်။ မင်းပုဂ္ဂိုလ်တို့အနေနဲ့ ပြည်သူ့ဆန္ဒပြည့်ဝအောင် ဘယ်အတိုင်းအတာ ထိဖြည့်ဆည်းပေးနိုင်မလဲ။ ဒီအခွင့်ရေးဟာ မင်းပုဂ္ဂိုလ်တို့အတွက်တော့ မဟာအခွင့်အရေးပါပဲ။ မင်းပုဂ္ဂိုလ်တို့ရဲ့ မွန်မြတ်မှုတွေကို ဒီနေရာမှာ အပြည့်အ၀ ထုတ်ပြခွင့်ရနေပါတယ်။ မင်းပုဂ္ဂိုလ်တို့ ကသာ ပြည်သူ့ဆန္ဒ ပြည့်ဝအောင် ဖြည့်ဆည်းပေးနိုင်မယ်ဆိုရင် တိုင်းပြည်က အစဉ်အဆက် ကျေးဇူးတင်နေ ကြမှာပါ။

၂၀၁၅ မှာ တိုင်းပြည်ရဲ့ အပြောင်းအလဲတစ်ခု မလွဲမသွေပြောင်းလဲရတော့မယ်။ အောင်မြင်သော အပြောင်းအလဲ ဖြစ်ဖို့လိုပါတယ်။ ချောမွေ့သော အပြောင်းအလဲဖြစ်ဖို့လိုပါတယ်။ အတိုင်းအတာတစ်ခု အထိ ပြည်သူ့ဆန္ဒပြည့်ဝ၊ ပြည်သူကျေနပ်သော အပြောင်းအလဲဖြစ်ဖို့ လိုပါတယ်။ ဒီအတွက် လိုအပ်တာက ၂၀၀၈ ဖွဲ့စည်းပုံ အကျပ်အတည်းကို မဖြစ်မနေဖြေရှင်းထားဖို့ပါပဲ။ ကြားထဲမှာ ၂၀၁၄ ဆိုတဲ့ ရက်ပေါင်း ၃၆၅ ရက်ပဲ ကျန်ပါတော့တယ်။ အချိန်သိပ်မကျန်တော့ပါဘူး။ အချိန်ရှိခိုက် လုံ့လစိုက်ကာ ပြည်သူ့ကောင်းကျိုး၊ တိုင်းပြည်ကောင်းကျိုးဆိုတဲ့ ဘုံရပ်တည်ချက်တစ်ခုတည်း အပေါ်မှာ ရပ်တည်ပြီး လုပ်သင့်လုပ်ထိုက်တာ တွေကို လုပ်ရမယ့်သူ၊လုပ်ခွင့်ရှိသူ၊လုပ်နိုင်သူတွေ မဖြစ်မနေ လုပ်ကြဖို့ပါပဲ။ ဒီ ၂၀၀၈ ဖွဲ့စည်းပုံကို ပြည်သူတွေ အတိုင်းအတာ တစ်ခုအထိ ကျေနပ်မှုရဖို့ ပြင်ဆင်မပေးဘူးဆိုရင် သမိုင်းကြွေးထပ်တင်သွားမှာကိုလည်း မင်း ပုဂ္ဂိုလ်များ သတိထားစေချင်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူလူထု လိုလားချက်နှင့်အညီ ပြင်ဆင် ရေးဆွဲမှသာ အာဆီယံဥက္ကဋ္ဌတာဝန်ကို တည်ငြိမ်စွာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း အာဏာရပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် သူရဦးအောင်ကို ပြောကြားဆိုတဲ့ သတင်းခေါင်းစီးတစ်ပုဒ်ကို (၂၈-၁၁-၂၀၁၃) နေ့ထုတ် Daily Eleven သတင်းစာမှာ ဖတ်ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကလည်း မင်းပုဂ္ဂိုလ်တို့နဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ (၂၅-၁၁-၂၀၁၃) ရက်စွဲနဲ့ သမ္မတထံ မေတ္တာရပ်ခံစာပို့ထားတယ်လို့ အခြားသတင်းတွေမှာ ဖတ်ရပါတယ်။ အားလုံးအောင်မြင်ကြပါစေ။ မင်းနှင့်ပြည်သူ ကြည်ဖြူကြပါစေ။

(အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က နေပြည်တော်တွင် နိုဝင်ဘာ ၁၈ ရက်ကပြုလုပ်သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ လူထုဆန္ဒ သဘောထား ရယူပွဲတွင် တက်ရောက်လာသော ပြည်သူများအား တွေ့ရစဉ်။ (ဓာတ်ပုံ) ငြိမ်းဇော်လင်း)

အေးချမ်းမွန် Credit To >Eleven Media Group < Thankhttps://www.facebook.com/excellencemedia
5

Post a Comment

 
Top