0

November 6, 2013 at 9:24pm

နန်းလွင်နှင်းပွင့်| ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ ၆ ရက် ၂၀၁၃ ခုနှစ် 

ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေတွင် ပါဝင်သော ပုဒ်မ ၁၈ကို ပြင်ဆင်ပြီး နောက်ပိုင်း ထိုပုဒ်မနှင့် ဆက်စပ်၍ အကျဉ်းကျနေသူများ၊ အမှု ရင်ဆိုင်နေရသူမျာကို အစိုးရက လွှတ်ပေးရန် လိုသည်ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမြအေး အပါအ၀င် အဖွဲ့အစည်းအချို့မှ တာဝန်ရှိသူများက နိုဝင်ဘာ ၆ ရက်တွင် ပြောသည်။

၎င်းတို့က နိုဝင်ဘာ ၆ ရက်က ၈၈ မျိုးဆက် ရုံးခန်းတွင် ပြုလုပ်သည့် ပုဒ်မ ၁၈ နှင့် ပတ်သက်သည့် ဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းဖစ်ပြီး ယင်းဆွေးနွေးပွဲသို့ ပုဒ်မ ၁၈ ဖြင့် တရားစွဲဆို ခံထားရ သူများလည်း တက်ရောက်သည်။

ဦးမြအေးက " အခု ပြင်မယ်ဆိုတာက ဘာ့ကြောင့်ပြင်မယ်ဆိုတာကို အကြောင်းပြချက်ပေးတဲ့ အခါမှာ နိုင်ငံသား တစ်ယောက်အနေနဲ့ စီတန်းလှည့်လည်ပြီး ဆန္ဒထုတ်ဖော်ဖို့ကို ကြိုတင် အကြောင်းကြားစရာ မလိုဘူးဆိုသည့် အချက်များအား ထောက်ပြ ပြောဆိုလာခြင်းတွေကို ထည့်ပြောလာလို့ ကောင်းတယ်လို့ ဆိုရပေမယ့် ဘယ်လိုတွေ ပြင်မယ်ဆိုတာ သေချာ မသိရသေးတော့ ဘာမှမပြောချင်ဘူး၊ ပြင်မယ်ဆိုတာကိုတော့ ထောက်ခံပါတယ် "ဟု ဆိုသည်။

ဆန္ဒပြရန် ခွင့်ပြုမိန့် တင်ရခြင်းမှာ အခြား နိုင်ငံများတွင် ရှိသော်လည်း မြန်မာနိုင်ငံတွင် ရှိနေသည့် စနစ် သည် မိမိပေးလိုသည့် ဆန္ဒထုတ်ဖော်မှုများအား ခွင့်ပြုမိန့်ပေးပြီး မပေးလိုသည်များကို မပေးခြင်း ရှိနေသည်ဟုလည်း ဦးမြအေးက ဆိုသည်။

ပုဒ်မ ၁၈သည် ပြည်သူများကို နားလည်မှု ရှိရန် ဖော်ပြထားခြင်း မရှိဘဲ အာဏာပိုင်တို့မှ လိုရာ ဆွဲကာ အသုံးပြုနေသည့် ပုဒ်မတစ်ခုသာ ဖြစ်သည်ဟု ပုဒ်မ ၁၈ ဖြင့် အမှု ၁၈ ခု ရင်ဆိုင်နေရသူ ကိုတင်ထွဋ်ပိုင်က " ကျွန်တော် တရားစွဲခံရတုန်းက ဆိုရင်လည်း ပုဒ်မ ၁၈ နဲ့သာ ဆွဲလိုက်တာ တကယ်ကို ဘာလို့ဆွဲတယ်ဆိုတာ နားမလည်ဘူး၊ ဥပဒေပုဒ်မ ထဲမှာ တစ်ယောက်ထက်ပိုမှ ခွင့်ပြုမိန့် တင်ရမယ်လို့ ပြောထားတယ်၊ ကျွန်တော်က ငြိမ်းချမ်းရေး နေ့မှာ မနှစ်က တစ်ယောက် တည်းလျှောက်တာ အဲဒါကို ကျွန်တော့်ကို ပုဒ်မ ၁၈ နဲ့ တရားစွဲတယ်"ဟု ဆိုသည်။

ယင်းအပြင် အရပ်ဘက်လူမှု အဖွဲ့အစည်း ၁၈ ဖွဲ့တို့က ပုဒ်မ ၁၈ ပြင်ဆင်ရေး သဘောထားများ လိုက်လံ ကောက်ယူရန် လုပ်ငန်းအဖွဲ့ဖြင့်ဆောင်ရွက်သွားမည် ဟုလည်း ထိုအဖွဲ့ဝင်များကိုယ်စား Generation Wave မှ ကိုမိုဃ်းသွေး က နိုဝင်ဘာ ၆ ရက်တွင် ပြောသည်။

၎င်းက " ဒီပုဒ်မနဲ့ပတ်သတ်ပြီး ကျွန်တော်တို့ သက်ဆိုင်ရာ လွှတ်တော်ကိုတင်ဖို့၊ အစိုးရ အဖွဲ့တွေ ကို တင်ပြဖို့ အတွက် ပြည်သူတွေထဲက မှ နိုင်ငံရေး တတကြွလှုပ်ရှားနေသူတွေ ၊ အဖွဲ့အစည်း တွေကနေပြီး တတ်ကြွလှုပ်ရှားနေသူတွေကို လိုက်လံ စုဆောင်းပြီး သူတို့ ဘယ်လိုမြင်လဲ ပုဒ်မ ၁၈ ကို ပြင်ဆင်ဖို့အတွက် သက်ဆိုင်ရာ လွှတ်တော်ကို ဘယ်လို တင်ပြချင်လဲ ဆိုတာတွေ လိုက်လံစုဆောင်းမယ် "ဟု ပြောသည်။

ထိုဥပဒေပုဒ်မပြဋ္ဌာန်းကျင့်သုံးလာသည့် တစ်နှစ်တာကာလအတွင်းတွင် တရားစွဲခံရသည့် အမှု ၂၀၀ ကျော်ရှိကာ ၂၀ ကျော်မှာ အကျဉ်းကျနေပြီး ကျန်သူများမှာ တရားရင်ဆိုင်နေရသည်ဟု မှတ်တမ်းများ ရှိကြောင်း ပေါင်းကူး မှ ဒါရိုက်တာ ဦးကျော်သူကလည်း ပြောသည်။

ပုဒ်မ ၁၈ နှင့် ပတ်သက်သည့် သဘောထားထုတ်ပြန်ချက်များ ထုတ်ပြန်ပြီး သက်ဆိုင်ရာ လွှတ်တော် သို့ တင်ရန် ရန်ကုန်-လိုင်ဇာငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့၊ ဘားမား ပါတနာရှစ်၊ ဒီမိုကရေစီနှင့် အမျိုးသမီးကွန်ယက်၊ တောင်သူလယ်သမားများ မြေယာ ပြန်လည်ရရှိရေးအဖွဲ့၊ လိုကယ်ရီဆော့ စင်တာ၊ Generation Wave ၊ Generation Youth ၊ မြန်မာ့လူမှု့ဘ၀ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်၊ အင်ဂျင်နီယာ ကျောင်းသားများ အဖွဲ့၊ တစ်သီးပုဂ္ဂလ လှုပ်ရှားနေသူများ၊ ကျောင်းသားတပ်မတော်မှ ကျောင်းသား ဟောင်းများ၊ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း၊ ဗဟိုလူငယ်ပေါင်းစုံ အသင်း၊ ဗကသ အဖွဲ့ချုပ်တို့ ဆွေးနွေး ခဲ့ကြပြီး ဆန္ဒပြရာတွင် ခွင့်ပြုမိန့်တင်ရခြင်းထက် အသိပေး အကြောင်းကြား ခြင်း အဖြစ်သာ ပြောင်းလဲ နိုင်ရန်လည်း ဖြစ်စေလိုသည်ဟု ထိုအဖွဲ့များက ဆိုသည်။

အဆိုပါ ပုဒ်မ ၁၈ ကြောင့် တရားစွဲဆိုခံရသူများ ၊ အမှု ရင်ဆိုင်နေရသူများ များပြားလာမှုတို့ကြောင့် လည်း ဥပဒေအား ပြန်လည်ပြင်ဆင်ရန် ဥပဒေကြမ်းတစ်ခုကို ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် တရားစီရင်ရေး ကော်မတီက ယခုအပတ်အတွင်း လွှတ်တော်သို့ တင်သွင်းရန် ပြင်ဆင်ထားပြီး ဖြစ်သည် ဟုလည်း ကော်မတီဥက္ကဋ္ဌ ဦးသူရအောင်ကိုက မဇ္ဈိမ သို့နိုဝင်ဘာလ ၅ ရက်နေ့တွင် ပြောကြားထားပြီး ဖြစ်သည်။

ထိုဥပဒေကြမ်းတွင်မူလ ဥပဒေကဲ့သို့ ရဲစခန်းနှင့် အထွေထွေ အုပ်ချုပ်ရေးမှူးဌာနများသို့ ခွင့်ပြုချက် ရယူ ရန် မလိုတော့ အကြောင်းကြားရန်သာ လိုအပ်သည်ဟု အစားထိုးထားကြောင်းကိုလည်း ဦးသူရအောင်ကို က ပြောဆိုထားသည်။

(မဇ္ဈိမသတင်းဌာန)

အေးချမ်းမွန် Credit To >Mizzima - Newshttps://www.facebook.com/excellencemedia

Post a Comment

 
Top