0


10-11-2013

ဆင်ဦးစီးကို အစွယ်ဖြင့် ထိုးခဲ့သော ဆင်ဖြူတော်ကို အခြားသူများ ထပ်မံမထိခိုက် စေရန်နှင့် မုန်ယိုနေသော ကာလဖြစ်သောကြောင့်မူလထားရှိသည့် နေရာမှ ရတနာ ဆင်ဖြူတော် ဥယျာဉ်ဝင်း၏ အတွင်းပိုင်းနေရာသို့ ပြောင်းရွှေ့ထားကြောင်း သိရသည်။

နိုဝင်ဘာ ၂ ရက် နံနက်ပိုင်းတွင် အဆိုပါ ဥယျာဉ်အတွင်းရှိ ဆင်ဖြူတော်များ ကို ဆင်ဦးစီးများမှ လမ်းလျှောက်လေ့ကျင့်နေစဉ် ရာဇဂ္ဂသီရိပစ္စယဂဇရာဇာ ဆင်ဖြူတော် (အထီး)သည် ဆင်ဦးစီး ဦးသိန်းစိန်၏ ၀ဲဘက်ရင်အုံကို အစွယ်ဖြင့် ထိုးခဲ့ကြောင်း၊ ထိုသို့ အထိုးခံရမှုကြောင့် ဦးသိန်းစိန်သည် နံရိုးကျိုး ဒဏ်ရာများဖြင့် အင်းစိန်ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံး သွားကြောင်း သိရသည်။

ယင်းသို့ ဆင်ဖြူတော် နေရာပြောင်းရွှေ့မှုနှင့် ပတ်သက်ပြီး ရတနာ ဆင်ဖြူတော် ဥယျာဉ်မှ ဦးစီးအရာရှိ ဦးတင်ဌေးဦးက "ဆင်ကို တခြားနေရာကို ပြောင်းတာမဟုတ်ပါဘူး။ ဥယျာဉ်အတွင်းပိုင်း နေရာမှာ ပြောင်းထားတာပါ။ တခြားဆင်မဲ အထီးနှစ်ကောင်နဲ့ ထိန်းကျောင်းမှုတွေ လုပ်နေပါတယ်။ ဆရာဝန်တွေ၊ ဆင်ဦးစီးတွေလည်း သူကို ထိန်းသိမ်းမှုတွေ လုပ်နေတယ်။ မုန်ကျနေတဲ့ ကာလလေးအတွင်း နောင်ထပ်မဖြစ်အောင် ကျွမ်းကျင်ဆရာဝန်ကြီးတွေနဲ့ တိုင်ပင်ပြီး ဆက်လက်ထိန်းသိမ်း မှာပါ" ဟု ရှင်းပြခဲ့သည်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အထက်နန်းရာ အုပ်စုမှ တွေ့ရှိခဲ့သော အဆိုပါ စွယ်စုံဆင်ဖြူတော်သည် ၂၀၁၁ ခုနှစ် နိုဝင်ဘာ ၁၅ ရက်တွင် ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။ အဆိုပါ ဆင်ဖြူတော်သည် အမြင့်ပေ ကိုးပေ ကိုယ်လုံးပတ် ၁၄ ထိ ရှည်လျားကြောင်း သိရသည်။
ယခုအခါ မင်းဓမ္မ ဆင်ဖြူတော်ဝန်းအတွင်း အများပြည်သူ လာရောက်ကြည့်ရှုရန် ဆင်ဖြူတော် (အမ) နှစ်ကောင်ကိုမူ ဆက်လက်ပြသ ထားကြောင်းလည်း သိရသည်။

အေးချမ်းမွန် Credit To >Eleven Media Group https://www.facebook.com/excellencemedia

Post a Comment

 
Top