ရန်ကုန်၊ နိုဝင်ဘာ ၁၁
သမ္မတဦးသိန်းစိန်က နိုင်ငံတကာသို့ ကတိပြုထားသည့်အတိုင်း နိုင်ငံရေး အကျဉ်းသားအားလုံး ၂၀၁၃ ခုနှစ်အတွင်း လွှတ်ပေးနိုင်ရန် အကျဉ်းထောင် အသီးသီးတွင် ကျန်ရှိနေသည့် နိုင်ငံရေး အကျဉ်းသားများ စာရင်းကို ပေးပို့ကြပါရန် နိုင်ငံရေး ပါတီများကို အကြောင်းကြားထားကြောင်း လက်ကျန်နိုင်ငံရေး အကျဉ်းသားစိစစ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောကြားသည်။
အကျဉ်းထောင်များတွင် နိုင်ငံရေး ပြစ်မှုဖြင့် အကျဉ်းကျခံနေရသူ စာရင်းများ လက်ဝယ်ရှိပါက ပေးပို့ရန်နှင့် ကော်မတီ အနေနှင့် နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်နိုင်ရန် နိုင်ငံရေးပါတီများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်နေကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။
“ဒီဇင်ဘာလကုန်မှာ နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်နိုင်အောင် အလုပ်အဖွဲ့က နေ့စဉ် အစည်းအဝေး ထိုင်ပြီး လုပ်နေပါတယ” ဟု ဦးစိုးသိန်းက ဆိုသည်။
၂၀၁၃ ခုနှစ်မကုန်မီ လက်ကျန် နိုင်ငံရေး အကျဉ်းသားများ ပြန်လည် လွတ်မြောက်ရန် လက်ကျန် နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီက စာရင်းပြုစု၍ နိုဝင်ဘာလအတွင်း နိုင်ငံတော်သမ္မတထံ တင်ပြမည် ဖြစ်ကြောင်း စိစစ်ရေး ကော်မတီဝင် နိုင်ငံရေး အကျဉ်းသားဟောင်း ဦးရဲအောင်က ပြောကြားသည်။
“အရေအတွက် ဘယ်လောက်ဖြစ်မယ် ဆိုတာတော့ မပြောနိုင်သေးဘူး။ အများဆုံး ဖြစ်အောင်တော့ ကြိုးစားနေတယ်” ဟု ၎င်းက ဖွင့်ဟသည်။
လက်ကျန် နိုင်ငံရေး အကျဉ်းသား စာရင်းကို ကောက်ယူရာတွင် ပါတီများအပြင် လက်နက်ကိုင် အဖွဲ့အစည်းများ ထံမှလည်း ကောက်ယူကြောင်း၊ အခြား အရပ်ဘက် အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ် တစ်ဦးချင်းစီ အနေနှင့်လည်း နိုင်ငံရေး အကျဉ်းသား စာရင်းကို ကော်မတီထံ ပေးပို့နိုင်ကြောင်း ဦးရဲအောင်က ဆက်လက် ပြောကြားသည်။
၂၀၁၃ ခုနှစ်အကုန်တွင် မြန်မာနိုင်ငံရှိ အကျဉ်းထောင် အသီးသီး၌ နိုင်ငံရေး ပြစ်မှုဖြင့် အကျဉ်းကျခံနေရသူ မရှိစေရဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နိုင်ငံတကာသို့ ကတိပြုထားပြီး ပြည်သူလူထုသို့ လစဉ် ပြောကြားသည့် ရေဒီယို မိန့်ခွန်းများတွင်လည်း ထည့်သွင်း ပြောဆိုထားသည်။
အေးချမ်းမွန် Credit To >The Voice Weekly
Post a Comment