0

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ဒေသတွင် အကြမ်းဖက် တိုက်ခိုက်မှုများ ထပ်မံ ဖြစ်ပွားပြန်သည်။ ထိုအကြမ်းဖက်မှုများနှင့် ပတ်သက်၍ ပြန်ကြားရေး ဝန်ကြီးဌာနက ဦးစီးကွပ်ကဲ ထိန်းချုပ် စီမံနေသော နိုင်ငံပိုင် အစိုးရဝါဒဖြန့် မီဒီယာများတွင် ဒေသခံ ဆန္ဒပြသူများက စတင် တိုက်ခိုက်သောကြောင့် ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပြန်လည် ခုခံရကြောင်း ဒဏ်ရာရ ရဲတပ်ဖွဲ့ဝင် အချို့၏ ဓာတ်ပုံကို ယှဉ်တွဲဖော်ပြ၊ ထုတ်လွှင့် သွားခဲ့သည်။

ပုဂ္ဂလိက သတင်းမီဒီယာ အားလုံးနီးပါးမှာမူ ရဲတပ်ဖွဲ့ဝင်များဘက်မှ မည်သူမည်ဝါမှန်း မသိသူ အချို့က လေးခွဖြင့် ဦးစွာ ပစ်ခတ်သောကြောင့် ဒေသခံများက ပြန်လည် ခုခံရာမှ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြ ရေးသားကြသည်။ အဆိုပါ ဖော်ပြချက် နှစ်ဖက်စလုံးတွင် ဖြစ်ပွားသည့် အကြမ်းဖက်မှုကို ဖော်ပြပုံချင်း တူကြသော်လည်း ဖြစ်ပွားပုံကို သရုပ်ဖော် ရေးသားရာတွင်မူ ဆန့်ကျင်ဘက် နီးပါး ကွဲလွဲလျက် ရှိသည်ကို တွေ့ရသည်။

အဆိုပါ သတင်းဖော်ပြမှု နှစ်ဖက်စလုံးကို ဆန်းစစ် ကြည့်သောအခါ ပုဂ္ဂလိက သတင်းမီဒီယာများ အားလုံးက ဒေသခံများနှင့် မျက်မြင် သက်သေများကို စုံစမ်း မေးမြန်း ရေးသားထားသည့်အပြင် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ တာဝန်ရှိသူ များကိုလည်း မေးမြန်းထားသည်ကို တွေ့ရသည်။ အစိုးရ ဝါဒဖြန့် မီဒီယာများတွင်မူ ရဲတပ်ဖွဲ့များကိုသာ ကိုးကား ဖော်ပြထားသည်ကို တွေ့ရသည်။ ဤနေရာတွင် ထူးခြားသည်မှာ ဒေသခံ ရဲတပ်ဖွဲ့သည် ပုဂ္ဂလိက သတင်းမီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားရန် ငြင်းဆန်ထားပြီး အစိုးရဝါဒဖြန့် မီဒီယာများကိုမူ ၎င်းတို့ ဒဏ်ရာရရှိသည့် ဓာတ်ပုံများနှင့် တကွ ဖြေကြားထားခြင်း ဖြစ်သည်။

အစိုးရဝါဒဖြန့် မီဒီယာများသည် နှစ်ပေါင်း အတန်ကြာ စနစ်တစ်ခုအောက်တွင် အစိုးရ၏ဝါဒ ဖြန့်ချိရေး လက်နက်တစ်ခု ကဲ့သို့သာ အသုံးချခံခဲ့ ရသောကြောင့် ပြည်သူလူထုက ယုံကြည်လေးစားမှု မရှိခဲ့ပေ။ ထိုအခြေအနေသည် အာဏာရှင် စနစ်အောက်တွင် ရှိနေခဲ့သော ကာလတစ်ခုအတွက် ပြောစရာ မရှိသော်လည်း ယနေ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် ဖြေလျှော့မှုများ စတင်နေသော ၂ နှစ်ကျော် သုံးနှစ် သက်တမ်းအတွင်း ဝင်ရောက်နေသော အချိန်အထိ တစ်ဖက်သတ် ဝါဒဖြန့် သတင်းများကိုသာ ဆက်လက်ရေးသား ဖော်ပြနေခြင်းမှာ များစွာစဉ်းစားဖွယ် ဖြစ်သည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အနေနှင့်လည်း ဥပဒေတွင် မည်သို့သော အဓိကရုဏ်း ဖြစ်ပွားမှု အခြေအနေ အပေါ်တွင် မူတည်ကာ တားဆီးနှိမ်နင်းရမည့် အဆင့်များကို သိရှိ နားလည် ထားလိမ့်မည်ဟု မျှော်လင့်ရသည်။ သို့သော် လက်ပံတောင်းတောင် ကိစ္စနှင့် ပတ်သက်သည့် အဓိကရုဏ်းများ အပေါ်တွင် တားဆီးရာတွင် အမြဲလိုလို သေနတ်ပစ်ဖောက်မှု၊ မီလောင်စေတတ်သော ဗုံးဖြင့် ပစ်သွင်း ဖြိုခွင်းမှုကဲ့သို့ အကြမ်းဖက် နှိမ်နင်းမှုများ ရှိနေခြင်းမှာ မေးခွန်း ထုတ်စရာ ကောင်းလှသည်။

အထူးသဖြင့် မြန်မာနိုင်ငံအနှံ့ မြို့ကြီး အချို့တွင် ဖြစ်ပွားခဲ့သော ဘာသာရေး အရေခြုံ အကြမ်းဖက် ဖျက်ဆီးမှုများကို နှိမ်နင်းရာတွင်မူ လက်ပံတောင်းနှင့်မတူ ကွဲပြား ခြားနားနေခြင်းမှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ကျင့်ဝတ်၊ ဂုဏ်သိက္ခာနှင့် စွမ်းဆောင်မှု၊ အရည်အချင်းအပေါ် ကြီးစွာ မေးခွန်းထုတ်စရာ ရှိနေသည်။

တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု အားလုံးနီးပါးမှာ ယခင် အုပ်ချုပ်ရေး အာဏာပိုင်များ၏ ကိုယ်ကျိုးစီးပွားနှင့် တစ်နည်းမဟုတ် တစ်နည်း ချိတ်ဆက်မှု ရှိနေသောကြောင့် ဤမျှ ကွဲပြားခြားနားစွာ အကြမ်းဖက် နှိမ်နင်းသည့် သဘောပေလောဟု မေးခွန်းထုတ်သူများ ရှိလာသည်။

မကြာသေးခင်ကလည်း သင်္ဃန်းကျွန်း မြို့နယ် အတွင်းရှိ အိမ်ခြံဝင်း တစ်ခုအတွင်း စုပေါင်း နေထိုင်ကြသူ အိမ်ထောင်စု အချို့ကို ယင်းနေရာကို ကန်ထရိုက် ရယူထားသော ဆောက်လုပ်ရေး ကုမ္ပဏီနှင့် ဒေသခံ ရဲတပ်ဖွဲ့များက အချိန်မတော် ဝင်ရောက် စီးနင်းကာ အကြမ်းနည်းသုံး ဖယ်ရှားစေခြင်းမှာလည်း လုပ်ငန်းရှင်များနှင့် ရဲတပ်ဖွဲ့ဝင်များ၏ ဥပဒေအပေါ် လေးစားလိုက်နာမှု မရှိသည့်သဘော သက်ရောက်စေသည်။

မည်သို့ပင်ဖြစ်စေ နိုင်ငံတော်၏ အာဏာသုံးရပ် သီးခြားစီ ခွဲခြား ကျင့်သုံးသော ဒီမိုကရေစီ အခြေခံ အသွင်ကူးပြောင်းရေး၊ ဖြေလျှော့ရေး၊ ငြိမ်းချမ်းမှု တည်ဆောက်ရေး စသည့် နိုင်ငံ တည်ဆောက်ရေး လုပ်ငန်းများ အားသွန်ခွန်စိုက် လုပ်ဆောင်နေချိန်တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ခံယူချက်၊ စိတ်ထား၊ လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်မှုနှင့် တာဝန် ထမ်းဆောင်မှုတို့သည် ဒီမိုကရေစီ စနစ်နှင့် လျော်ညီစွာ ပြုမူရန်နှင့် ပြည်သူလူထုက လေးစား အားကိုးအပ်သော ဂုဏ်သိက္ခာရှိ ရဲတပ်ဖွဲ့အဖြစ် မိမိတို့ဘာသာ မြှင့်တင် တည်ဆောက်ထားရန် လိုအပ်ကြောင်း အထူးဖော်ပြလိုသည်။

အယ်ဒီတာ (၁၇-၁၁-၂၀၁၃)


(နိုဝင်ဘာလ ၁၈ ရက်နေ့ထုတ် The Voice နေ့စဉ်သတင်းစာ မျက်နှာဖုံးနှင့် Editorial)

အေးချမ်းမွန် Credit To >The Voice Weekly https://www.facebook.com/excellencemedia

Post a Comment

 
Top