မြန်မာနိုင်ငံ အတွင်းသို့ ခရီးသွား ၀င်ရောက်မှု တိုးတက်မှုနှုန်း ပြလာသော ၂၀၁၀ ပြည့်နှစ်မှ ယခုနှစ် အောက်တိုဘာ လကုန်အထိ ခရီးသွား ၀င်ရောက်မှုမှာ ၈၃ ရာခိုင်နှုန်းကျော်အထိ တိုးတက်လာခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ထုတ်ပြန်ချက်အရ ရန်ကုန်လေဆိပ်၊ မန္တလေး-ပုဂံ ၀င်ပေါက်ထွက်ပေါက်များ၊ နေပြည်တော်နှင့် နယ်စပ်ဂိတ်ပေါက်များမှ ၂၀၁၀ ပြည့်နှစ်၌ ၇၉၁၅၀၅ ဦး၊ ၂၀၁၁ ခုနှစ်တွင် ၈၁၆၃၆၉ ဦး၊ ၂၀၁၂ ခုနှစ်တွင် ၁၀၅၈၉၉၅ ဦးနှင့် ၂၀၁၃ ခုနှစ် အောက်တိုဘာ လကုန်အထိ ၁၅၀၂၉၁၀ ဦးထိ ရှိလာကြောင်း သိရသည်။
ယင်းအပြင် လက်ရှိလေကြောင်းလိုင်းများနှင့် နယ်စပ်ဝင်ပေါက်များ ဖွင့်လှစ်ခဲ့ခြင်းအတွက် လက်ရှိထက် ပိုမိုရာခိုင်နှုန်း တိုးမြင့်လာနိုင်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှိုင်ဦးက ဆိုသည်။
"နယ်စပ်ဝင်ပေါက်တွေလည်း ဖွင့်ပြီးသွားတဲ့အပြင် တိုးချဲ့လိုက်တဲ့ လေကြောင်းလိုင်း အသစ်တွေကြောင့် လက်ရှိတိုးတက်နေတဲ့ ရာခိုင်နှုန်းအပြင် ပိုပြီးတော့ ထပ်တက်လာဖို့ ရှိတယ်" ဟု ၎င်းက ဆိုသည်။
အာရှနိုင်ငံများထဲမှ မြန်မာနိုင်ငံ အတွင်းသို့ လာရောက်မှုတွင် ထိုင်းနိုင်ငံမှာ ဦးဆောင်နေပြီး ယင်းနောက် ဂျပန်၊ တရုတ်၊ ကိုရီးယားနှင့် မလေးရှား နိုင်ငံတို့မှ ထိပ်ဆုံးတွင် ရှိနေပြီး ဥရောပ နိုင်ငံများတွင်မှု ပြင်သစ်၊ ဗြိတိန်၊ ဂျာမနီ၊ အီတလီနှင့် ဆွစ်ဇာလန် နိုင်ငံတို့မှ ၀င်ရောက်မှုနှုန်း များပြားနေကြောင်း သိရသည်။
အဆိုပါ ၀င်ရောက်မှုများတွင် ထိုင်းလူမျိုးများမှာ အလည်အပတ်နှင့် ဘုရားဖူး ခရီးစဉ်အတွက်သာ အများအပြား လာရောက်ခြင်းဖြစ်ပြီး၊ ဂျပန်လူမျိုးများနှင့် ကိုရီးယား လူမျိုးများမှာ စီးပွားရေးအရ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှု များပြားကာ လုပ်ငန်းများ လာရောက်လေ့လာမှု များပြားကြောင်း သိရသည်။
ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ထားချက်အရ လက်ရှိ ၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြား ခရီးသွား ဧည့်သည်ပေါင်း နှစ်သန်း ၀င်ရောက်ရန် မျှော်မှန်းထားကြောင်း သိရသည်။
ဗိုလ်ချုပ်ဈေးသို့ လည်ပတ်နေသော နိုင်ငံခြားသားများအား တွေ့ရစဉ်
အေးချမ်းမွန် Credit To >Eleven Media Group

Post a Comment