ရန်ကုန်၊ နိုဝင်ဘာ ၈
စီမံကိန်းကြီးများနှင့် စက်ရုံများမှ ထွက်ရှိလာသော စွန့်ပစ်ရေဆိုးများကြောင့် သဘာဝပတ်ဝန်းကျင် လေထု၊ မြေထုနှင့် ရေထု ညစ်ညမ်းမှုများ ဖြစ်ပေါ်နေခြင်းကို အခမဲ့ သုတေသနပြု ဓာတ်ခွဲစမ်းသပ်ပေး သည့် ပတ်ဝန်းကျင်ရေးရာ ဓာတ်ခွဲခန်းတွင် စက်တင်ဘာလကစ၍ ယနေ့အထိ ရေနမူနာ ၂၀ ကျော်ကို စစ်ဆေးပြီးဖြစ်ရာ ထိုတွေ့ရှိ ချက်များအရ လူကိုအန္တရာယ် ဖြစ်စေသည်ကို မတွေ့ရှိရကြောင်း အဆိုပါ ဓာတ်ခွဲခန်း တာဝန်ခံ ဒေါက်တာကျော်ငြိမ်းအေးက ပြောကြားသည်။
“စစ်ဆေးပြီးသလောက်တော့ လူကို အန္တရာယ် ဖြစ်စေနိုင်လောက်တဲ့အထိ မတွေ့ရသေးဘူး။ ဆက်လက် စစ်ဆေးဖို့ လိုပါသေးတယ်” ဟု ဒေါက်တာကျော်ငြိမ်းအေးက ဆက်လက်ပြောဆိုသည်။
ရန်ကုန်ရှိ မြို့နယ်အချို့မှ ရေနမူနာ ၂၀ ကျော်တွင် ဗက်တီးရီးယား ပါဝင်မှု၊ သံဓာတ် ပါဝင်မှုနှင့် အာဆင်းနစ်ဓာတ် အဆိပ်သင့်မှု ရှိ မရှိ စသည့် ရေ အရည်အသွေးများကို အကဲဖြတ် ဓာတ်ခွဲစမ်းသပ် ပေးခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
“ခဲဆိပ်နဲ့ အာဆင်းနစ်ဓာတ် ဘယ်လောက် သင့်နေပြီလဲဆိုတာ သိနိုင်အောင် သုံးစွဲနေတဲ့ ရေတွင်းက ရေနမူနာကိုလည်း တစ်နှစ်တစ်ခါ စစ်ဆေးဖို့လိုတယ်။ မဟုတ်ရင် လူကိုကျန်းမာရေး ထိခိုက်စေနိုင်ပြီး ကင်ဆာရောဂါအထိ ဖြစ်နိုင်တယ်” ဟု ရေအရင်းအမြစ် အသုံးချရေး ဦးစီးဌာနမှ တာဝန်ရှိ သူတစ်ဦးက အကြံပြု ပြောဆိုသည်။
လူထုကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်တို့ကို ထိခိုက်ပျက်စီးမှုများ ရှိလာနိုင်သည့် အရက်ချက် စက်ရုံများ၊ သကြားနှင့် ငါး၊ ပုစွန်စက်ရုံ အများအပြား အခြေစိုက်ရာ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့ရှိ ရေနမူနာများတွင် မြေထုနှင့် ရေထုညစ်ညမ်းမှု ရှိ မရှိ တို့ကို ၂၀၁၄ ခုနှစ်အထိ အခမဲ့ ဓာတ်ခွဲစမ်းသပ်မည် ဖြစ်ကြောင်း EcoDev အဖွဲ့၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးဝင်းမျိုးသူက ပြောကြားသည်။
အေးချမ်းမွန် Credit To > The Voice Weekly
Post a Comment