ရန်ကုန်၊ နိုဝင်ဘာ ၁၉
အကျဉ်းထောင်များတွင် ပြစ်ဒဏ် ကျနေစဉ် သေဆုံးသွားသော နိုင်ငံရေး အကျဉ်းသားများကို ဂုဏ်ပြုသည့် အနေနှင့် ၄င်းတို့၏ မိသားစုများကို နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့နှင့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP တို့က ထောက်ပံ့ငွေများ ပေးအပ်သွားမည် ဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ဝင် ဦးမြင့်အောင် ကပြော ကြားသည်။
အကျဉ်းထောင်များ အတွင်း သေဆုံးသွားသူများ အပြင် စစ်ကြောရေး စခန်းများတွင် သေဆုံးသွားသူ နိုင်ငံရေး အကျဉ်းသားများ ကိုပါ စာရင်းပြုစုလျက် ရှိကြောင်း ၄င်းကဆိုသည်။
"သူတို့လည်း ဒီမိုကရေစီ ပြောင်းလဲမှု ဖြစ်စဉ်မှာပါခဲ့ကြတဲ့ အညတရ သူရဲကောင်း တွေပါ။ သူတို့ရဲ့ ပေးဆပ်ခဲ့မှုတွေကို မေ့ထားလို့ မရပါဘူး" ဟု ၄င်းကဆိုသည်။
အဆိုပါ သေဆုံးသွားသူ နိုင်ငံရေး အကျဉ်းသားများ စာရင်းကို အတိအကျ ကောက်ခံနိုင်ရန် ကြိုးစားလျက် ရှိကြောင်း၊ ထောက်ပံမည့် အစီအစဉ်မှာ ပထမဆုံးအကြိမ် ဖြစ်သောကြောင့် လူဦးရေ သတ်မှတ်ချက် ရှိနေကြောင်း၊ ယင်းကြောင့် ၁၉၈၈ ခုနှစ်မှ ယနေ့အထိ ထောင်နှင့် စစ်ကြောရေးတွင် သေဆုံးသွားသည့် ရဟန်း၊ ရှင်၊ လူ၊ ပြည်သူများအား ပထမဦးစားပေး အနေနှင့် ဂုဏ်ပြုပေးအပ်မည် ဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ထံမှ သိရသည်။
၁၉၈၈ ခုနှစ် လူထုအုံကြွမှုတွင် ဖမ်းဆီး အကျဉ်းချခြင်း ခံရသူများနှင့် အကျဉ်းထောင်များ အတွင်း သေဆုံးသွားသူများ စာရင်းကို အတိအကျ ပြုစုသွားမည် ဖြစ်ကြောင်း ရှစ်လေးလုံး အရေးတော်ပုံ ငွေရတုအခမ်းအနား တွင် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးမင်းကိုနိုင်က ပြောကြားထားသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် လက်ထက်တွင် နိုင်ငံရေးအကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် (၁၃) ကြိမ် လွှတ်ပေးခဲ့ပြီး အကျဉ်းသား ၁၃၀၀ ကျော် လွတ်မြောက်ခဲ့သော်လည်း အကျဉ်းထောင်များ အတွင်း နိုင်ငံရေးအကျဉ်းသား ၆၀ ကျော် ကျန်ရှိနေသေးကြောင်း လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေးကော်မတီ ထံမှ သိရသည်။
တပ်မတော်အစိုးရ လက်ထက် အနှစ် ၂၀ ကာလအတွင်း သေဆုံးသည့် နိုင်ငံရေး အကျဉ်းသား ၁၅၀ ကျော်ရှိကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့မှ သိရသည်။
အေးချမ်းမွန် Credit To > The Voice Weekly
Post a Comment