0


မန္တလေး၊ နိုဝင်ဘာ ၁၉

တစ်ကမ္ဘာလုံးရှိ ဆန့်ကျင်ဘက် လိင်အဖြစ် ပြောင်းလဲ ဝတ်ဆင် နေထိုင်သူများ ညှဉ်းပန်း နှိပ်စက် သတ်ဖြတ်ခြင်း ခံရခြင်း အတွက် အောက်မေ့ သတိရသည့် အနေဖြင့် မြန်မာနိုင်ငံရှိ မြို့၁၁ မြို့တွင် အခမ်းအနား ပြုလုပ်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ လိင်တူချစ်သူများ ကွန်ရက် (မန္တလေး) တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကမ္ဘာ့နိုင်ငံများတွင် အဆိုပါ ဖြစ်စဉ်များကို အောက်မေ့ သတိရသည့် အနေနှင့် နှစ်စဉ် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ပြုလုပ်လာခဲ့ခြင်းမှာ ၁၄ နှစ်ခန့် ရှိပြီ ဖြစ်ကာ မြန်မာနိုင်ငံ အနေနှင့် ဒုတိယအကြိမ်မြောက် ကျင်းပခြင်း ဖြစ်ကြောင်း၊ အဆိုပါ အခမ်းအနားကို ရန်ကုန်၊ မန္တလေး၊ ပုသိမ်၊ ကလော၊ ထားဝယ်၊ မြိတ်၊ ရွှေဘို၊ ကျောက်ပန်းတောင်း၊ မုံရွာ၊ မြစ်ကြီးနား၊ လားရှိုးမြို့တို့တွင် နယ်မြေ ဒေသအလိုက်၊ ဘာသာရေးအလိုက် ယင်း အောက်မေ့ဖွယ် အခမ်းအနားများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ၎င်းက ထပ်မံပြော ကြားသည်။

အဆိုပါ အောက်မေ့ဖွယ် ဖြစ်ရပ် အခမ်းအနားကို မန္တလေးမြို့တော်တွင် နိုဝင်ဘာလ ၁၉ ရက်နေ့၌ သံဃာများကို ဆွမ်းလောင်းခြင်း၊ ကထိန်သင်္ကန်းများ ကပ်လှူခြင်းများကို ပြုလုပ်ခဲ့ကြောင်း အဆိုပါကွန်ရက် တာဝန်ရှိသူထံမှ သိရသည်။

“နိုင်ငံခြားမှာတော့ နိုဝင်ဘာလ ၂၀ ရက်နေ့ ရောက်တိုင်း ဖယောင်းတိုင်မီးထွန်းပြီး ဆန္ဒပြုကြတယ်။ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာ နိုင်ငံဆိုတော့ ဘုန်းကြီး ဆွမ်းကပ်တာတွေ လုပ်တယ်။ သူ့နယ်မြေနဲ့သူတော့ မတူဘူးပေါ့။ ဘာသာအလိုက် လုပ်သွားမယ်။ ဇူလိုင်ကတုန်းက ဆီဒိုးနား ဟိုတယ်နားမှာ ဖြစ်ခဲ့တဲ့ ကိစ္စမျိုးလည်း မဖြစ်အောင်လို့ပေါ့။ အကြမ်းဖက်ခံရတဲ့ သူတွေအတွက် ရည်ရွယ်ပြီး လုပ်တာပါ” ဟု အဆိုပါ လိင်တူချစ်သူများ ကွန်ရက်ဝင် ရှင်းသန့်က ဆိုသည်။

ဆန့်ကျင်ဘက် လိင်ကဲ့သို့ ဝတ်စား ဆင်ယင်နေထိုင်သူ များသည် အခြားသာမန်လူများ သတ်ဖြတ်ခံရသည်ထက် ဆိုးရွားသော နည်းလမ်းမျိုး ပေါင်းစုံဖြင့် အသတ်ခံခဲ့ရခြင်း ဖြစ်ပြီး သတ်ဖြတ်ခံရသည့် နည်းလမ်းများမှာ နောက်ကျောကို ဓားဖြင့် အကြိမ်ကြိမ် ထိုးခံရခြင်း၊ လည်လှီး ခံရခြင်း၊ မုဒိမ်းကျင့် ခံရခြင်း၊ စံပြအနေဖြင့် ကာလီဘိုင် ကဲ့သို့သော လက်နက်များနှင့် အသတ် ခံရခြင်း၊ သေနတ်ဖြင့် အကြိမ်ကြိမ် ပစ်သတ် ခံရခြင်း၊ ဘေ့စ်ဘော လက်ကိုင်တုတ်ဖြင့် အကြိမ်ကြိမ် ရိုက်နှက် သတ်ဖြတ် ခံရခြင်း၊ ကားဖြင့် တရွတ်တိုက်ဆွဲ၍ သတ်ဖြတ် ခံရခြင်း၊ မီးရှို့ သတ်ဖြတ် ခံရခြင်း စသည့် နည်းလမ်းများ အသုံးပြုခဲ့ကြကြောင်း Rainbow Ribbon Network၊ Myanmar Face-book စာမျက်နှာတွင် ဖော်ပြထားသည်။

ဆန့်ကျင်ဘက် လိင်ကဲ့သို့ ဝတ်စား နေထိုင်သူများအတွက် အမှတ်တရနေ့ အခမ်းအနားကို ရန်ကုန်မြို့တော် ပြည်သူ့ ရင်ပြင်တွင် နိုဝင်ဘာလ ၂၀ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်မှ ၆ နာရီအထိ ကျင်းပမည် ဖြစ်သည်။

မန္တလေးကျုံးတောင်ဘက် ဆီဒိုးနား ဟိုတယ်ထောင့်တွင် ပြီးခဲ့သည့် ဇူလိုင်လ အတွင်းက ညအချိန် ကျုံးဘေးတွင် မိန်းမလျာများက သရုပ်ပျက် အဝတ်အစားများ ဝတ်ဆင်၍ အများပြည်သူ စိတ်အနှောင့်အယှက် ဖြစ်စေရန် ပြုလုပ်မှုဖြင့် ရဲတပ်ဖွဲ့ဝင် များက ရက်စက်စွာ ဖမ်းဆီး ခေါ်ဆောင်မှုများ ပြုလုပ်ခဲ့၍ အဆိုပါ ပြုလုပ်မှုကို လူ့အခွင့်အရေး ကော်မရှင်သို့ တိုင်ကြားခဲ့ရာ ယနေ့ အချိန်ထိ ဖြေရှင်းပေးခြင်း မရှိသေးသည့် အတွက် မြန်မာ တစ်နိုင်ငံလုံးရှိ လိင်တူ ချစ်သူများက လက်မှတ်ထိုး၍ ထပ်မံ တင်ပြသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ လိင်တူ ချစ်သူများ ကွန်ရက် တာဝန်ရှိသူက ထပ်မံ ပြောကြားသည်။

“လူတစ်ယောက်မှာက ကိုယ်ပိုင် လွတ်လပ်ခွင့် ရှိတယ်။ ကိုယ်ပိုင် ချစ်ခွင့် ရှိတယ်။ ကိုယ်ပိုင် ဆက်ဆံခွင့် ရှိတယ်။ သဘာဝတရားလိုပဲ။ သာမန် မိန်းမ၊ ယောက်ျား ခွဲခြားလို့ မရပါဘူး။ ဒါက လူတစ်ယောက်ရဲ့ အခွင့်အရေးပဲလေ။ အခွင့်အရေး တောင်းဆိုတယ် ဆိုတာကလည်း လူတွေ မျက်စိနောက်အောင် နေလို့ မရဘူးလေ။ အထင်မကြီးချင်နေ မရှုတ်ချနဲ့။ ကိုယ်က အရည်အသွေး ဘယ်လောက်ရှိတယ် ဆိုတာကို ပြရမှာပါ” ဟု မြန်မာနိုင်ငံတွင် နာမည်ရ မိတ်ကပ် ပညာရှင် တစ်ဦးဖြစ်သော ခင်စန်းဝင်းက သုံးသပ် ပြောဆိုသည်။

အေးချမ်းမွန် Credit To >The Voice Weekly https://www.facebook.com/excellencemedia

Post a Comment

 
Top