Friday, November 1, 2013
ဂျိုအိုရိုဒရီဂို ဆေးလ်ဗားဆန်းတို့စ်သည် တနင်္လာနေ့က လက်နက်ကိုင်တစ်စု၏ အတင်းအကျပ် ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို ခံခဲ့ရကြောင်း မျက်မြင်များက ပြောကြားခဲ့သည်။
ဘောလုံးသမားဟောင်း ခေါင်းဖြတ်ခံရမှုကို ဘရာဇီးလ်ရဲတပ်ဖွဲ့ စုံစမ်းနေ
ဘရာဇီးလ်နိုင်ငံတွင် ပရော်ဖက်ရှင်နယ် ဘောလုံးသမားဟောင်း တစ်ဦး ခေါင်းဖြတ်သတ်ခံရမှုအတွက် ရဲများက အပူတပြင်း စုံစမ်းနေကြောင်း သိရှိရသည်။ ဂျိုအိုရိုဒရီဂို ဆေးလ်ဗားဆန်းတို့စ်သည် တနင်္လာနေ့က လက်နက်ကိုင်တစ်စု၏ အတင်းအကျပ် ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို ခံခဲ့ရကြောင်း မျက်မြင်များက ပြောကြားခဲ့သည်။ ထိုကိစ္စကို ရဲတပ်ဖွဲ့က တာဝန်ယူ စုံစမ်းနေခဲ့ပြီး ပြန်ပေးဆွဲသူများကို ရှာဖွေနေသော်လည်း အမှု၏ အခြေအနေမှာ ပိုမိုဆိုးရွားသည့်ဘက်သို့ ဦးတည်သွားခဲ့သည်။ ကြာသပတေးနေ့က ဂျိုအို၏ ဦးခေါင်းကို နေအိမ်ရှေ့ တံခါးပေါက်တွင် ချထားသည်ကို ၎င်း၏ ဇနီးက ထိတ်လန့်တုန်လှုပ်စွာ တွေ့ရှိခဲ့ရသည်။
ဂျိုအို ကိုင်ဆောင်သည့် အိတ်ထဲတွင်ပင် ခေါင်းပြတ်ကို ထည့်ထားခြင်းဖြစ်ပြီး မျက်လုံးနှင့် လျှာများကို လှီးဖြတ် ဖောက်ထုတ်ထားသည်။ ဂျိုအိုသည် ရီယိုဒီဂျနေရိုးတွင် ကျန်းမာရေးနှင့် သင့်လျော်သည့် အစားအသောက်များ ရောင်းချသည့် ဆိုင်လေးတစ်ခု ဖွင့်လှစ်ထားပြီး သေနတ်သမားများက ဆိုင်ရှေ့မှ စောင့်ဆိုင်း ဖမ်းဆီးခြင်း ခံခဲ့ရခြင်း ဖြစ်သည်။ အသက်(၃၅)နှစ် ရှိပြီဖြစ်သော ဂျိုအိုသည် လွန်ခဲ့သည့် (၂)နှစ်က ပရော်ဖက်ရှင်နယ် ဘဝမှ အနားယူခဲ့သည်။ ၎င်းသည် ရီယိုမြို့ရှိ ကလပ်အသင်းများနှင့် ဆွီဒင်၊ ဟွန်းဒူးရပ်စ်တို့တွင်ပါ ပရော်ဖက်ရှင်နယ်အဖြစ် ကစားခဲ့သည်။ တနင်္လာနေ့က ဂျိုအို၏ ဇနီးဖြစ်သူ အသက်(၃၁)နှစ်အရွယ် ဂီဆာ ဆေးလ်ဗားသည် ခင်ပွန်းသည် အိမ်ပြန်မလာသဖြင့် တစ်ညလုံး စိတ်ပူစွာ စောင့်ဆိုင်းနေခဲ့ကြောင်း ဂျိုအို၏ ယောက်ဖဖြစ်သူက ထုတ်ဖော် ပြောကြားခဲ့သည်။
"ကြာသပတေးနေ့ မနက်ပိုင်းကျတော့ အိမ်ရှေ့မှာ အသံတွေကြားလို့ ဂီဆာက ထွက်ကြည့်တော့ အိတ်ကိုတွေ့တယ်။ အဲဒါနဲ့ ဖွင့်ကြည့်လိုက်ချိန်မှာ ဆိုးဆိုးရွားရွား ဖြစ်နေတဲ့ ခေါင်းကို တွေ့တာပဲ"ဟုလည်း အမည်မဖော်လိုသည့် ဂျိုအို၏ ယောက်ဖက ပြောဆိုခဲ့သည်။ အိမ်နီးချင်း တစ်ဦးက "အမျိုးသမီးက ငယ်သံပါအောင် အော်လိုက်တာကို ကြားလိုက်ရတယ်။ ဘုရားဘုရား၊ ဒါဂျိုအိုပဲ။ ဂျိုအိုရဲ့ ခေါင်းပဲလို့ အော်လိုက်တာပါ။ ကျွန်တော်တို့ သိသလောက် ဂျိုအိုမှာ အဲဒီလောက် ရက်စက်လောက်တဲ့ ရန်သူမျိုး မရှိပါဘူး။ သူ့ဇနီးမှာလည်း မရှိဘူး"ဟု မှတ်ချက်ပြုခဲ့သည်။
ရဲများသည် လူသတ်မှုကို စုံစမ်းနေဆဲဖြစ်သော်လည်း တိတိကျကျ မှတ်ချက်ပေးနိုင်ခြင်း မရှိသေးချေ။ သို့သော်လည်း ဇနီးဖြစ်သူ ဂီဆာကမူ ဒေသတွင်းရှိ ဆင်းရဲသား ရပ်ကွက်တစ်ခုတွင် စောင့်ကြည့်ရသည့် စစ်ရဲအဖြစ် တာဝန် ထမ်းဆောင်နေရာ ထိုရပ်ကွက်များအတွင်း လှုပ်ရှားနေသည့် မူးယစ်မှောင်ခို ဂိုဏ်းများက သူမကို အညှိုးထား တုံ့ပြန်ခြင်း ဖြစ်နိုင်ကြောင်း ယျေဘုယျ ခန့်မှန်းထားသည်။ သို့သော်လည်း အခြားသော ရဲများကဲ့သို့ ကင်းလှည့်တာဝန်ယူခြင်း၊ တရားခံ ဖမ်းဆီးခြင်းများကို ဂီဆာက လုံးဝ မပြုလုပ်ဖူးပြန်ရာ သတ်ဖြတ်မှု အကြောင်းရင်းကို မမှန်းဆနိုင်ဘဲ ဖြစ်နေဆဲဟု သိရှိရသည်။
အေးချမ်းမွန် Credit To >Planet Myanmar Network
Post a Comment