0

Created on Saturday, 23 November 2013 17:46

ကချင်ပြည်နယ် မန်စီမြို့နယ်တွင် လတ်တလော ဖြစ်ပွားနေသည့် အစိုးရနှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ကြား တိုက်ပွဲများကြောင့် ကချင်ပြည်နယ် အတွင်းတွင် IDP ဟုခေါ်သော နေရပ်စွန့်ခွာ ထွက်ပြေးသူ ၃၀၀၀ ကျော်အနေဖြင့် စားနပ်ရိက္ခာ အခက်အခဲများ ရှိနေကြောင်း ကချင်ပြည်နယ် ဒေသခံ လူမှုရေး အဖွဲ့အစည်းများမှ သိရသည်။

မေတ္တာဖောင်ဒေးရှင်းမှ ဦးခွန်ရှာနောင်က "အခုဒီကနေ ဒုက္ခသည် ၃၀၀၀ လောက် ထွက်ပြေး တိမ်းရှောင်နေရတယ်။ ဒီအထဲမှာ ကျောင်းသား ၇၀၀ လောက်ပါတယ်။ အချို့ကျတော့ မန်ခေါင်၊ ဗန်းမော်ဘက်ကို ထွက်ပြေး တိမ်းရှောင်သွားတာတွေ ရှိတယ်။ အခုကျွန်တော့်တို့ဆီမှာ အရေးပေါ် ရန်ပုံငွေတွေ ရှိပေမယ့် အဲဒီငွေတွေက မလုံလောက်တော့တဲ့အတွက် စစ်ပွဲဆက် ဖြစ်နေမယ်ဆိုရင် ဒီ IDP တွေအတွက် စားနပ်ရိက္ခာ အခက်အခဲ ဖြစ်လာမှာကို စိုးပါတယ်။ အခုလောလောဆယ် ပြန်ဖို့၊ ပြောင်းရွှေ့ဖို့ထက် အစားအသောက်အတွက် စိတ်ပူနေရပါတယ်"ဟု ပြောကြားသည်။

ယခုအခါ နေရပ်စွန့်ခွာ ထွက်ပြေးသူများအား မေတ္တာဖောင်ဒေးရှင်း အပါအ၀င်KMSS, KBC, BRIDGE ,KLTC စသည့် အဖွဲ့အစည်းများမှ ထောက်ပံ့မှုများ ပြုလုပ်ပေးလျှက် ရှိသော်လည်း တစ်နေ့ထက်တစ်နေ့ များပြားလာသော နေရပ်စွန့်ခွာ ထွက်ပြေးသူများအတွက် ထောက်ပံ့ငွေ အခက်အခဲများနှင့် စားနပ်ရိက္ခာ ထောက်ပံ့မှုအတွက် ရန်ပုံငွေ လိုအပ်ချက်များ ရှိနေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

"ကျွန်တော်တို့ ဒီမှာဆို ဒေသခံအဖွဲ့ အစည်း ကိုးဖွဲ့ရှိတယ်။ ဒီကိုးဖွဲ့ထဲမှာမှ ငါးဖွဲ့ကခွဲပြီး အခုကူညီ ထောက်ပံ့မှုတွေ လုပ်နေပါတယ်။ နောက်ကျွန်တော်တို့ကို UN အပါအ၀င် အပြည်ပြည်ဆိုင်ရာက ကူညီထောက်ပံ့မှုတွေ ပေးပါတယ်။ ဒါပေမဲ့ လိုအပ်တာရဲ့ ရာခိုင်နှုန်း ၂၀ လောက်သာ ရရှိတဲ့အတွက် ကျွန်တော်တို့ ထောက်ပံ့ဖို့ ရန်ပုံငွေတွေ အများကြီး လိုအပ်နေပါသေးတယ်။ ဒီအတွက်လည်း ကျွန်တော်တို့ အဖွဲ့အစည်းတွေ ကြေညာချက်တွေ ထုတ်ပြန်ထားပါတယ်"ဟု ဦးခွန်ရှာနောင်က ပြောကြားသည်။

ထို့ပြင် မန်စီမြို့နယ်အတွင်း ကျေးရွာများတွင် ဒုက္ခသည် ၂၀၀၀ ကျော်ရှိနေပြီး အဆိုပါ မြို့နယ်တွင်း ကျေးရွာများတွင် တပ်စခန်းများ ချထားခြင်းကြောင့် စားနပ်ရိက္ခာ ထောက်ပံ့မှုများ မပြုလုပ်နိုင်သေးကြောင်း သိရသည်။

ထို့ပြင် ဒေသခံအဖွဲ့အစည်းများမှ စောင့်ရှောက်ထားသည့် နေရပ်စွန့်ခွာ ထွက်ပြေးသူများမှာ ၃၀၀၀ ခန့်သာ ရှိသော်လည်း စစ်ပွဲကြောင့် ဒုက္ခရောက်နေသည့် ဒေသခံ စုစုပေါင်း တစ်သိန်းခန့်ရှိနိုင်ပြီး ယခင်ဒုက္ခသည်များနှင့် ထပ်မံတိုးပွားလာသော် နေရပ်စွန့်ခွာသူများအား ကူညီရန် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ခုနစ်သန်းမှ ရှစ်သန်းခန့် လိုအပ်ကြောင်း သိရသည်။

ကချင်ပြည်နယ် နန်လင်းပါ ဒုက္ခသည်စခန်းရှိ ကလေးငယ်အချို့အား နိုဝင်ဘာ ၁၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - ထွန်းလင်းအောင်)

အေးချမ်းမွန် Credit To >Eleven Media Group
3

Post a Comment

 
Top