မြန်မာနိုင်ငံ၏ နိုင်ငံရေးသည် ရွေးကောက်ပွဲ ကျင်းပရန် တစ်နှစ်ကျော် မျှသာလိုသော အချိန်တွင် အာဏာနိုင်ငံရေး အသွင်သို့ ရောက်ရှိလာပြီ ဖြစ်သည်။
နိုင်ငံ အကျိုးရှိသည်၊ မရှိသည်ကို ခဏထားပြီး မိမိသို့မဟုတ် မိမိအဖွဲ့အစည်း အာဏာရရေးသာ ဦးစားပေး လုပ်ဆောင်ကြခြင်းသည် အာဏာနိုင်ငံရေး Power Politics ပင်ဖြစ်သည်။
အာဏာရမှသာ နိုင်ငံ့အကျိုးကို မိမိစိတ်ကူးဖြင့် မိမိကြိုက်ရာ မူဝါဒ၊ မဟာဗျူဟာ၊ နည်းဗျူဟာများနှင့် ဆောင်ရွက်နိုင်မည် ဖြစ်သည့်အတွက် အာဏာရအောင် ကြိုးစားကြခြင်းသည် နိုင်ငံရေး၏ သဘာဝ ဖြစ်သော်လည်း လွန်ကဲကာ ဘနဖူးသိုက်တူးသည့် အဖြစ်သို့ ရောက်သွားလျှင် တိုင်းပြည် နာပေလိမ့်မည်။
ခါးအောက်ပိုင်း ထိုးခြင်း၊ ပုဂ္ဂိုလ်ရေး လုပ်ကြံခြင်း၊ မတရားနည်းများ သုံးခြင်း၊ တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ရန်တိုက်ခြင်း၊ လူမျိုးရေး၊ ဘာသာရေး လူ့အခွင့်အရေး တို့ကို တလွဲအသုံးချခြင်း စသည့် ဘယ်သူသေသေ ငတေမာ နည်းမျိုးများဖြင့် အာဏာရယူရန် ကြိုးစားခြင်းသည် သာမန် အာဏာနိုင်ငံရေး Power Politics အဆင့်ပင် မကတော့ဘဲ ညစ်ပတ်နိုင်ငံရေး Dirty Politics အဆင့်သို့တိုင် ရောက်ရှိသွားသည့်အတွက် ပြည်သူလူထုက မော်ကြည့် အတုယူရမည့် နိုင်ငံရေး သမားများ အနေနှင့် ဆင်ခြင်သင့်ပါသည်။
သို့ရာတွင် မြန်မာတို့သည် Dirty Politics တွင် မညံ့ကြောင်း လွတ်လပ်ရေး ရအပြီး ဒီမိုကရေစီ ခေတ်ကာလတွင် မြင်ခဲ့ကြရပြီး ဖြစ်ရာ ဆိုရေးရှိ၍သာ ဆိုလိုက်ရသော်လည်း အားလျော့လျက်သား ဖြစ်ပါသည်။
မည်သို့ပင်ဖြစ်စေ ယနေ့ကာလ နိုင်ငံရေး ဇာတ်ကောင် ကြီးငယ်များ အနေနှင့် အာဏာ နိုင်ငံရေးသည် ညစ်ပတ်နိုင်ငံရေး အဆင့်သို့ ရောက်ရန် မလိုကြောင်း သန့်ရှင်းစွာ ယှဉ်ပြိုင်ခြင်းဖြင့် နောင်လာမည့် မျိုးဆက်သစ် နိုင်ငံရေးသမားများ၊ ပြည်သူများအတွက် စံနမူနာကောင်းများ ထားရစ်ခဲ့သင့်ပါသည်။
အယ်ဒီတာ ( ၂၇.၁၁.၂၀၁၃)
(နိုဝင်ဘာလ ၂၈ ရက်နေ့ထုတ် The Voice နေ့စဉ်သတင်းစာ မျက်နှာဖုံးနှင့် Editorial)
အေးချမ်းမွန် Credit To >The Voice Weekly
Post a Comment