သြစတြေးလျနိုင်ငံသို့ ရောက်ရှိနေသော မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာ ၂၈ ရက်က သြစတြေးလျနိုင်ငံ ၀န်ကြီးချုပ် တိုနီအဘော့နှင့် ကင်ဘာရာမြို့တွင် တွေ့ဆုံခဲ့သည်။ တွေ့ဆုံပွဲအပြီး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရာတွင် သြစတြေးလျနိုင်ငံ အနေဖြင့် ခိုလှုံရန် ၀င်ရောက်လာသူ များအပေါ် ဆက်ဆံရာတွင် တရားမျှတမှုကို သနားညှာတာမှုနှင့် ညီမျှအောင်ညှိရင်း ဆောင်ရွက်သင့်ပါသည်ဟု မြန်မာ့အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သြစတြေးလျနိုင်ငံသို့ ခိုးဝင်လာသူများနှင့် ပတ်သက်သည့် အချေအတင် ငြင်းခုံပွဲတွင် ပြောကြားခဲ့ကြောင်း သြစတြေးလျနိုင်ငံ အခြေစိုက် အေဘီစီ သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
သြစတြေးလျနိုင်ငံ ကင်ဘာရာမြို့တွင် ၀န်ကြီးချုပ် တိုနီအဘော့နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ တွေ့ဆုံဆွေးနွေးပွဲအပြီး သတင်းစာ ရှင်းလင်းပွဲတွင် သြစတြေးလျ သတင်းထောက် တစ်ယောက်က ဒေါ်အောင်ဆန်းစုကြည်အား သြစတြေးလျနိုင်ငံ အနေဖြင့် ဘင်္ဂါလီများကို ကာကွယ်ရန်အတွက် တာဝန်ရှိပါ သလားလို့ မေးမြန်းခဲ့သည်။
ထိုသို့ မေးမြန်းမှုကို ဖြေကြားရာတွင် ''တကယ်လို့ သြစတြေးလျနိုင်ငံမှာ ဥပဒေစိုးမိုးမှု ရှိမယ်ဆိုရင် အဲဒီဥပဒေ ဘောင်ထဲကနေပဲ လုပ်ကိုင်ရမှာပါပဲ။ ဒါပေမဲ့ တရားမျှတမှုကို သနားညှာတာမှုနှင့် အမြဲတမ်းချိန်ညှိ နေသင့်ပါတယ်'' ဟု ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် သြစတြေးလျနိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် လာရောက်ခြင်းဖြစ်ပြီး သူမ၏ ခရီးစဉ်တွင် HIV/AIDS ဝေဒနာ ခံစားနေရသူများ၏ ရုန်းကန်နေရမှုနှင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ လမ်းကြောင်းခရီးကို မီးမောင်းထိုးပြရန် ဖြစ်သည်။ သြစတြေးလျနိုင်ငံ ၀န်ကြီးချုပ်နှင့် တွေ့ဆုံရာတွင် မစ္စတာ အဘော့က သူမအား ဒီမိုကရေစီ၏ အမှတ်သညာ တစ်ခုအဖြစ် ပြောကြားခဲ့ပြီး သူမနှင့် တွေ့ဆုံရသည့်အတွက် အလွန်ဂုဏ်ယူ မိပါကြောင်း ပြောကြားသည်။
''ကျွန်တော် ကိုယ်တိုင်လည်း အတိုက်အခံ ခေါင်းဆောင်အဖြစ် လေးနှစ်လောက် ရုန်းကန်ခဲ့ရပါတယ်။ အဲဒီနေရာဟာ တစ်ခါတလေ စိတ်လှုပ်ရှားစရာ ကောင်းသလို တစ်ခါတလေတော့လည်း စိတ်ပျက် အားလျော့စရာ ကောင်းပါတယ်။ ပျော်ရွှင်စိတ်လှုပ်ရှားစရာ ကောင်းတာတွေပဲ များများလာပြီးတော့ စိတ်ပျက်အားလျော့စရာတွေ နည်းပါစေလို့ ကျွန်တော်တို့ မျှော်လင့်ကြတာပေါ့'' ဟု ၀န်ကြီးချုပ် တိုနီအဘော့က ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ခရီးလမ်းမှာ အစနေရာမှာပင် ရှိနေသေး ကြောင်းလည်း ပြောကြားသည်။
''ကျွန်မတို့ ဒီမိုကရေစီ ပန်းတိုင်ကို မရောက်သေးပါဘူး။ ဒါပေမဲ့လည်း တချို့လူတွေကတော့ ရောက်နေပြီလို့ ထင်နေကြပါတယ်။ အခြေခံဥပဒေ ပြင်ဆင်ခြင်း လုပ်ငန်းလိုမျိုးကစလို့ ကျွန်မတို့ လုပ်စရာတွေ အများကြီး ရှိနေပါသေးတယ်'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ၏ အပြောင်းအလဲနှင့် သူမအနေဖြင့် သမ္မတရွေးကောက်ပွဲ ယှဉ်ပြိုင်နိုင်ရေး အတွက် သြစတြေးလျနိုင်ငံ အနေဖြင့် အကူအညီပေးရန် တောင်းဆိုခဲ့သည်။
(မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သြစတြေးလျ ၀န်ကြီးချုပ် တိုနီအဘော့တို့ နိုဝင်ဘာ ၂၈ ရက်က ကင်ဘာရာမြို့၌ တွေ့ဆုံစဉ် (Photo:AFP))
အေးချမ်းမွန် Credit To >Eleven Media Group < Thankhttps://www.facebook.com/excellencemedia
Post a Comment