ရန်ကုန်၊ နိုဝင်ဘာ ၂၆
အွန်လိုင်းမှတစ်ဆင့် လုပ်ငန်းလိုင်စင် လျှောက်ထားမှုများကို မြို့နယ်နှစ်ခုသာ ခွင့်ပြုထားရာမှ နိုဝင်ဘာလ တတိယအပတ်မှ စတင်၍ မြို့နယ်ခုနစ်ခုကို ထပ်တိုး လျှောက်ထားခွင့်ပြုကြောင်း ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ (Y.C.D.C) စီမံရေးရာဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။
အချိန်ကုန် သက်သာစေရန်နှင့် လွယ်ကူ မြန်ဆန်စေရန် အွန်လိုင်းမှတစ်ဆင့် လုပ်ငန်းလိုင်စင် လျှောက်ထားမှု များကို တာမွေမြို့နယ်နှင့် မရမ်းကုန်မြို့နယ် တို့တွင် စမ်းသပ် လျှောက်ထားခွင့် ပြုခဲ့ကြောင်း၊ နိုဝင်ဘာလ တတိယပတ်မှစ၍ လှိုင်၊ ကမာရွတ်၊ လမ်းမတော်၊ အလုံ၊ ကျောက် တံတား၊ သင်္ဃန်းကျွန်း၊ ပုဇွန်တောင် မြို့နယ်များတွင် ထပ်တိုးကာ စမ်းသပ် ဆောင်ရွက်ကြောင်း ၄င်းက ရှင်းပြသည်။
အဆိုပါ စမ်းသပ်မှုအောင်မြင်ပါက ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်တွင်းရှိ မြို့နယ်အားလုံးတွင် အွန်လိုင်းမှ လုပ်ငန်းလိုင်စင် လျှောက်ထားမှုကို မကြာမီ ဆောင်ရွက်သွားမည် ဖြစ်ပြီး အချိန်ကာလ အားဖြင့် လတ်တလောတွင် မပြောနိုင်သေးကြောင်း ၄င်းက ပြောကြားသည်။
"တိုးတက်လာတဲ့ နည်းပညာနဲ့အညီ အွန်လိုင်းကနေ ဝန်ဆောင်မှုပေးတယ် ဆိုတာ ကောင်းပါတယ်။ ပြည်သူတွေ အနေနဲ့က ကျွမ်းကျင်မှု မရှိရင် လုပ်ငန်းမှာ မှားယွင်းထိခိုက်မှုတွေ ကြုံလာနိုင်တာကြောင့် နည်းပညာနှင့်အညီ တိုးတက်အောင် လုပ်သလိုပဲ တစ်ဖက်ကလည်း ပြည်သူတွေရဲ့ ကျွမ်းကျင်မှု အနေအထားနဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်သင့်ပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်က သုံးသပ် ပြောကြားသည်။
လုပ်ငန်း၊ အစားအသောက်၊ တည်းခိုခန်း၊ ဘော်ဒါဆောင်၊ ယာဉ်ဖြင့်လှည့်လည် ရောင်းချခွင့်၊ ကိုယ်ပိုင်ဈေး လုပ်ကိုင်ခွင့်၊ ယာယီ ဇာတ်ရုံ လုပ်ကိုင်ခွင့် စသည့် အမျိုးမျိုးသော လုပ်ငန်းလိုင်စင် များကို အွန်လိုင်းမှတစ်ဆင့် လျှောက်ထားနိုင်ကြောင်း စီမံရေးရာဌာန ထံမှ သိရသည်။
အွန်လိုင်းမှတစ်ဆင့် လုပ်ငန်းလိုင်စင် လျှောက်ထားရာတွင် (Y.C.D.C) ၏ အင်တာနက် စာမျက်နှာ www.ycde.com.mm တွင် လျှောက်ထားမည့် လိုင်စင် အမျိုးအစား ဖောင်ပုံစံကို ရွေးချယ် ဖြည့်စွက်ရမည် ဖြစ်ပြီး လိုအပ်သောစာရွက် စာတမ်းများကို ဓာတ်ပုံဖိုင်ဖြင့် ထည့်သွင်း လျှောက်ထားရမည် ဖြစ်ကြောင်း စီမံရေးရာ ဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
အေးချမ်းမွန် Credit To >The Voice Weekly
Post a Comment