မြစ်ဆုံဆည် ဆောက်ခြင်းသည် ဒေသခံများနှင့် တစ်နိုင်ငံလုံးကို ဆိုးကျိုးပေးနိုင်သောကြောင့် မြန်မာအစိုးရနှင့် တရုတ်အစိုးရတို့အား ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) က ကန့်ကွက်စာ ပို့ထားသည်ဟု ကေအိုင်အေတပ်မှ ဒုတိယစစ်ဦးစီးချုပ်ဗိုလ်ချုပ်ဂွမ်မော်က နိုဝင်ဘာ ၁၈ ရက်က ရန်ကုန်မြို့၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။
လက်ရှိအစိုးရ လက်ထက်တွင် တည်ဆောက်ခြင်း မပြုလုပ်ဟု နိုင်ငံတော်သမ္မတက ဆုံးဖြတ်ထားသည့် မြစ်ဆုံဆည်ကိစ္စနှင့် ပတ်သက်ပြီး မီဒီယာများက ကေအိုင်အိုအဖွဲ့၏ သဘောထားအား မေးမြန်းရာ ဗိုလ်ချုပ်ဂွမ်မော်က ''မြစ်ဆုံကိစ္စကတော့ အစိုးရကသော် လည်းကောင်း၊ တရုတ်နိုင်ငံ အစိုးရကသော် လည်းကောင်း ကေအိုင်အိုကိုလာပြီး ညှိနှိုင်းတာ မရှိခဲ့ဖူးပါဘူး။ မြစ်ဆုံကိစ္စက အစိုးရကိုရော တရုတ်အစိုးရကိုရော မြစ်ဆုံဒေသကိုလုပ်တာ မသင့်တော်ဘူးဆိုပြီး ကန့်ကွက်စာ ပို့ထားပြီးဖြစ်ပါတယ်'' ဟု ပြောကြားသည်။
''ကန့်ကွက်တဲ့အချက်က များပါတယ်။ အဓိကကတော့ မြစ်ဆုံဆိုတာက သမိုင်းကြောင်းမှာ အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။ ပြန်လည်မရရှိနိုင်တဲ့ သယံဇာတတွေ ထွက်ရှိသလို သမိုင်းကြောင်းနဲ့ ဆက်နွှယ်နေတဲ့ မြစ်ကြီးဖြစ်တယ်။ ဒီဟာကို ပိတ်ပြီးလုပ်တဲ့အခါ ဒေသခံတွေ အပါအ၀င် တစ်နိုင်ငံလုံး မြစ်ဝကျွန်းပေါ်အထိ ဆိုးကျိုးတွေ ပေးနိုင်တဲ့ အနေအထား ဖြစ်တဲ့အတွက် မြစ်ဆုံကို မလုပ်ဖို့ ကန့်ကွက်ရခြင်း ဖြစ်ပါတယ်'' ဟု ဗိုလ်ချုပ်ဂွမ်မော်က ဆက်လက် ပြောကြားသည်။
မြစ်ဆုံဆည် တစ်ခုတည်းကြောင့် ယင်းဒေသသာမက ဆည်အောက် မိုင်ရာပေါင်းများစွာ အကွာအဝေးအထိ မြစ်ကြောင်းတစ်လျှောက် နေထိုင်သူများ ထိခိုက်နိုင်သည်ကို တရုတ်နိုင်ငံမှ China Power Investment (CPI) ကုမ္ပဏီ၏ အစီရင်ခံစာတွင် တိကျစွာ မဖော်ပြခဲ့ဟု စက်တင်ဘာ ၃၀ ရက် နေ့စွဲဖြင့် International Rivers အဖွဲ့နှင့် စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့တို့ ပူးပေါင်းကာ ဖြန့်ဝေခဲ့သည့် မြစ်ဆုံဆည်နှင့် ပတ်သက်သော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကဲဖြတ် ဆန်းစစ်ချက်အပေါ် လွတ်လပ်သည့် ပညာရှင်ရှုထောင့်မှ ပြန်လည်သုံးသပ်ခြင်း စာတမ်းတွင် ဖော်ပြထားချက်အရ သိရသည်။
အေးချမ်းမွန် Credit To >Eleven Media Group
Post a Comment