မန္တလေးတွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း ဖောက်ဖျက်မှုများကို ပညာပေး ကာလအဖြစ် သတ်မှတ်ထားပြီး ဒဏ်ကြေးငွေကို ပြင်ဆင်ပြီးမှသာ အရေးယူမှု ပြန်လည်ပြုလုပ် သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး လမ်းပန်းဆက်သွယ်ရေး ၀န်ကြီးဦးကျော်ဆန်းက ပြောကြားခဲ့သည်။
မန္တလေးမြို့တွင် ဆိုင်ကယ်ဦးထုပ် မဆောင်းပါက ချက်ချင်းဦးထုပ် ၀ယ်ယူဆောင်းစေခြင်း၊ လမ်းပြောင်းပြန် မောင်းခြင်း၊ ယာဉ်မောင်းလိုင်စင် မပါခြင်းတို့ကို အရေးယူမှုအစား ပညာပေး၊ အသိပေး၊ သတိပေးများကို ပြုလုပ်နေကြောင်း သိရသည်။ မန္တလေးမြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ဖောက်ဖျက် ကျူးလွန်ပါက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အနည်းဆုံး ဒဏ်ငွေကျပ် တစ်သောင်းမှ ကျပ်သုံးသိန်းအထိ ပေးဆောင်စေရန် မန္တလေးမြို့တော် စည်ပင်သာယာရေး ဥပေဒတွင် ပြဌာန်းထားသည်။
''ဆိုင်ကယ်စီးတဲ့သူတွေ စည်းကမ်းဖောက်ဖျက်ရင် အနည်းဆုံးဒဏ်ငွေ ကျပ်တစ်သောင်း၊ နယ်မြို့တွေ ကျပ်သုံးသောင်း ဆိုတာကို အားလုံးက များလွန်းတယ်။ လျှော့ပေးဖို့ တင်ပြလာတဲ့အတွက် အခုနယ်မြို့ရော မန္တလေးမှာပါ ပညာပေးကာလ အနေနဲ့ သတ်မှတ်ပြီး ဒဏ်ကြေးဆောင် အရေးယူမှု ရပ်နားထားပါတယ်။ ဒဏ်ငွေကို တိုင်းဒေသကြီး လွှတ်တော်မှာ အတည်ပြုပြီး သွားရင်တော့ အရေးယူမှု ပြန်လည်စတင်မှာပါ'' ဟု ၀န်ကြီးဦးကျော်ဆန်းက ဆိုသည်။
မော်တော်ယာဉ် ဥပဒေအရ ဆိုင်ကယ်စီးဦးထုပ် မဆောင်းလျှင်ဖြစ်စေ၊ ယာဉ်မောင်းလိုင်စင် မပါလျှင်ဖြစ်စေ၊ ယာဉ်တိုက်မှု လူသေမှုမှအပ ဒဏ်ကြေးငွေ ၁၅၀၀ ကျပ်သာ ရှိခဲ့သော်လည်း မန္တလေးတွင် စီမံခန့်ခွဲမှု ဒဏ်ငွေဟူ၍ ၁၁၅၀၀ ကျပ် ပေးဆောင်စေခဲ့ရာ ၂၀၁၁ ခုနှစ်တွင် ယင်းစီမံခန့်ခွဲမှု ဒဏ်ငွေကို ပြန်လည်လျှော့ချ ပေးခဲ့သည်။ ယင်းသို့ ဒဏ်ငွေ ၁၅၀၀ ကျပ်သာ ပေးဆောင်ရသဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်မှု ပိုများလာသောကြောင့် မြို့တော်စည်ပင် ဥပဒေအရ ဒဏ်ငွေကျပ် ၁၀၀၀၀ ပြန်လည် ပေးဆောင်စေရန် သတ်မှတ်ခဲ့သည်။
(မန္တလေးမြို့အတွင်း ဆိုင်ကယ်စီးဦးထုပ် မဆောင်းဘဲ မောင်းနှင်နေသူများအား တွေ့ရစဉ်)
အေးချမ်းမွန် Credit To >Eleven Media Group<Thanks
https://www.facebook.com/excellencemedia
Post a Comment