0

မြန်မာနိုင်ငံတွင် စာရင်းဇယား ရရှိမှုပိုင်း အခက်အခဲ ရှိနေသောကြောင့် အလုပ်လက်မဲ့ မည်မျှရှိသည်ကို မှန်မှန်ကန်ကန် တွက်ချက်ရန် ခက်ခဲကြောင်း၊ အလုပ်လက်မဲ့ ဦးရေကို တွက်ချက်ရာတွင် စုစုပေါင်း လူဦးရေပေါ် မူတည်တွက်ချက် ရသည့်အတွက် လူဦးရေပင် အမှန်တွက်ချက်ရန် ခက်ခဲနေသေးသည့် အနေအထားတွင် အလုပ်လက်မဲ့နှုန်း အတိအကျကို တွက်ချက်ရန် အခက်အခဲများ ရှိကြောင်း စီးပွားရေး ပညာရှင်အချို့က ထောက်ပြပြောဆိုကြသည်။

''တကယ်တော့ မိုက်ခရိုအီကော်နော်မစ် ရဲ့ ရည်မှန်းချက်တွေကို အကောင်အထည် ဖော်နေတဲ့အခါ စပြီးကိုင်ရမှာက ပေါ်လစီကို ကိုင်ရမှာကို။ တော်တော်များများက စီးပွားရေးဘယ်လို တိုးတက်အောင် လုပ်မလဲ၊ အလုပ်လက်မဲ့ဦးရေ ဘယ်လိုတိုးတက်အောင် လုပ်မလဲ၊ ကုန်ဈေးနှုန်းကျအောင် ဘယ်လိုလုပ်မလဲဆိုတဲ့ Objective တွေကိုကိုပဲ မဲသဲပြီး ကိုင်နေတယ်။ အဲဒါတွေက ရလဒ်တွေပါ။ အဲဒီရလဒ်ကို သွားကိုင်ရင် မှားဦးမှာပဲ။ အခုအောက်မှရှိတဲ့ Policy ပိုင်းကို ကိုင်ရမှာ။ အခုက Objective ကို ပေါ်လစီထင်ပြီး အကောင်အထည် ဖော်နေတယ်'' ဟု စီးပွားရေးပညာရှင် ဒေါက်တာမောင်မောင်စိုးက ပြောကြားသည်။

''ပြောရရင် အလုပ်လက်မဲ့ ပြဿနာဆိုပါတော့။ တကယ်တမ်းကျတော့ အလုပ်လက်မဲ့ကို ၄ ရာခိုင်နှုန်းလို့ပဲ ပြောတယ်။ ဒါတောင် နံပါတ် ၄ ထွက်လာတာတောင် ကံကောင်းလို့ ပြောရမယ်။ ဘာကြောင့်လဲ ဆိုတော့ အလုပ်လက်မဲ့ Unemployment base က Population ပါ။ Population တောင် ဒေတာတိတိကျကျ ရှိလို့လား။ တကယ်တမ်း အလုပ်လက်မဲ့ ဆိုတာကလည်း အလုပ်မလုပ်တဲ့ သူတိုင်းကို ပြောတာမဟုတ်ဘူး။ အလုပ်လုပ်ချင် လျက်သားနဲ့ မရတဲ့သူတွေကျမှ သူ့ကို သတ်မှတ်တာပါ။ ဒီတော့ ဒီမှာက သီအိုရိအရဆို အလုပ်လက်မဲ့ဆိုရင် တော်တော်နည်းတယ်။ ဘာကြောင့်လဲဆိုတော့ မေးကြည့်လို့ အလုပ်မလုပ် ချင်ဘူးဆိုရင် သူ့ကိုအလုပ်လက်မဲ့ထဲ သွားထည့်လို့ မရဘူး'' ဟု ဒေါက်တာမောင်မောင်စိုးက ဆက်လက်သုံးသပ် ပြောကြားသည်။

အလားတူ အလုပ်လက်မဲ့နှင့် ငွေကြေးဖောင်းပွမှုမှာ မကောင်းဆိုဝါး ညီနောင်ဖြစ်ကြောင်း၊ အဆိုပါ မကောင်းဆိုးဝါး နှစ်ကောင် တစ်ပြိုင်တည်းလည်း ပျောက်သွားနိုင်ကြောင်း၊ အဘယ်ကြောင်ဆိုသော် အလုပ်အကိုင် ရလာပါက ငွေကြေးဖောင်းပွခြင်းကို ပြည်သူများ ကြောက်စရာ မလိုတော့ကြောင်း၊ အလုပ်မရှိကြသည့် အတွက်သာ ငွေကြေးဖောင်းပွမှုကို ထည့်သွင်းစဉ်းစား နေရကြောင်း၊ အဓိက လစာဝင်ငွေတိုးပြီး အလုပ်အကိုင် ရှိပါက ငွေကြေးဖောင်းပွမှုကို ကြောက်စရာ မလိုကြောင်း စီးပွားရေး ပညာရှင် အချို့ကလည်း သုံးသပ်ကြသည်။

''စီးပွားရေး တိုးတက်မှုနဲ့ ပတ်သက်ပြီး မက်ကင်စီက သုံးသပ်ထားတာ တော်တော် ကောင်းပါတယ်။ ကမ္ဘာ့ဘဏ်က သုံးသပ်ထားတာလည်း ကောင်းပါတယ်။ ကျွန်တော်တို့ရဲ့ GDP ကို ၆ ဒသမ ၇ လောက် မှန်းထားတာ တွေ့ရပါတယ်။ ၂၀၁၄ ခုနှစ်ကိုတော့ ၆ ဒသမ ၈ လို့ ပြင်ပြီးတော့ မှန်းထားပါတယ်။ အကောင်းမြင်တဲ့ ဘက်ကို ရောက်နေပါတယ်။ FDI ဆိုရင်လည်း ၄၃ ဘီလျံလောက် ရှိတယ်။ GDP ဆိုရင်လည်း အခုကမ္ဘာ့ဘဏ်က မှန်းတာ ၅၄ ဒသမ ၄ ဘီလျံ ကျော်လောက်ရှိတယ်။ အကုန်လုံးကတော့ ကျွန်တော်တို့ဘာသာ ကျွန်တော်တို့ပြောတာ မဟုတ်ဘဲ အင်တာနေရှင်နယ်က ပြောတဲ့ ကိန်းဂဏန်းတွေ ဖြစ်နေတဲ့အတွက် အလွန်ကောင်းပါတယ်။ အခုတော့ အင်ဖလေးရှင်းကတော့ ၅ ဒသမ ၉ လောက်ကနေ ၈ ဒသမ ၉ လောက်ဆိုတော့ သတိထားရမှာပေါ့။ အလုပ်လက်မဲ့ကျတော့ မပြောတတ်ဘူး။ ကိန်းဂဏန်း အတိအကျ မသိဘူး။ ၄ ရာခိုင်နှုန်းလို့ ပြောတယ်။ ကျွန်တော် စောစောက ပြောသလို ကိန်းဂဏန်း အတိအကျ မသိတဲ့အတွက် အလုပ်လက်မဲ့နှုန်း ဘယ်လောက်လဲဆိုတာ မှန်းပြီးပြောနေရတာပဲ ရှိပါတယ်။ အခြားသော ပြည်တွင်းပြည်ပက နိုင်ငံရေးအမြင်နဲ့ ပြောကြတာ ရှိပါတယ်။ တချို့ကလည်း မြန်မာပြည်က တိုးတက်နေတာတွေ ကြည့်ပြီးတော့ သိပ်တော့ အထင်မကြီး လိုက်ပါနဲ့ဦး။ ဒီအပေါ်မှာ သိပ်ပြီး အကောင်းမမြင်နဲ့ဦး လို့လည်း ပြောပါတယ်'' ဟု ဆရာဦးတင်ဝင်းအောင်က ပြောကြားခဲ့သည်။


(မင်္ဂလာတောင်ညွှန့် မြို့နယ်အတွင်း ကျောက်စလစ်ခဲ သယ်ယူနေသော လုပ်ငန်းခွင် တစ်ခုအား တွေ့ရစဉ်)

အေးချမ်းမွန် Credit To >Eleven Media Group<Thanks
https://www.facebook.com/excellencemedia

Post a Comment

 
Top